ESTATE MYANMAR | Leading Real Estate Agency in Yangon, Myanmar

ဧပြီလဆန်းမှ လက်ရှိအချိန်အထိ ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၅၀ ခန့် မြင့်တက်လာပြီး ပြည်တွင်းရွှေစျေးနှုန်းကျပ် ၉၁၁၀၀၀ အထက် ဆက်ရှိနေ

javascript

မတ်လကုန်တွင် ဖြစ်ပေါ်သော စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဧပြီလဆန်းမှ လက်ရှိအချိန်အထိ ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၅၀ ခန့်အထိမြင့်တက်လာပြီး ပြည်တွင်းရွှေစျေးနှုန်းလည်း လိုက်ပါမြင့်တက်လာရာဧပြီ ၁၉ ရက်တွင်လည်း ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၉၁၁၀၀၀ အထက်တွင် ဆက်ရှိနေကြောင်း စျေးကွက်အတွင်းရွှေရောင်းဝယ်သူများထံမှ သိရသည်။


ကမ္ဘာ့ရွှေစျေးသည် ဧပြီဒုတိယပတ် နောက်ပိုင်းရက်များတွင် စတင်အတက်ကြမ်းလာကာ ဧပြီ ၁၈ ရက်တွင် ၁၂၉၁ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ဧပြီ ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ၁၂၈၄ ဒေါ်လာဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ဆက်လက်မြင့်တက်မည့် အခြေအနေများ ရှိနေသည်။


မတ် ၃၁ ရက်က ကမ္ဘာ့ရွှေစျေးသည် ၁၂၄၁ ဒေါ်လာဝန်းကျင်သာ ရှိခဲ့ပြီး ဧပြီလအတွင်း တက်ရိပ်ပြလာကာ ဧပြီ ၄ ရက်တွင် ၁၂၅၉ ဒေါ်လာ၊ ဧပြီ ၇ ရက်တွင် ဒေါ်လာ ၁၂၇၀ အထိ ရောက်ရှိခဲ့သည်။ ထို့နောက် စျေးပြန်ကျခဲ့ရာ ဧပြီ ၁၀ ရက်တွင် ၁၂၅၃ ဒေါ်လာဝန်းကျင်သို့ ပြန်ရောက်ပြီး ဧပြီ ၁၁ ရက်မှစတင်ကာ လက်ရှိအချိန်အထိ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။


ဧပြီ ၁၉ ရက်တွင် ဖြစ်ပေါ်သော ကမ္ဘာ့ရွှေစျေးအပေါ် သက်ရောက်မှုရှိစေသည့် အခြေအနေများမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အခွန်လျှော့ချရေးစီမံချက် နှောင့်နှေးဖွယ်ရှိခြင်း၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ရွေးကောက်ပွဲအား သတ်မှတ်ကာလထက် ရှေ့တိုး၍ ပြုလုပ်ရန် ကြေညာခြင်း၊ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းအချို့က ဒေါ်လာအပေါ် ယုံကြည်မှု လျော့ကျလာခြင်း၊ မြောက်ကိုရီးယားအရေးနှင့် ပြင်သစ်ရွေးကောက်ပွဲ စသည်တို့ဖြစ်ပြီး ဖြစ်ပေါ်နေသည့် ကမ္ဘာ့အရေးအရာများကြောင့် ရွှေစျေး မြင့်တက်ရန် တွန်းအားများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။


ကမ္ဘာ့ရွှေစျေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၂၀၀ အထက်သို့ ပြန်လည်ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၂၄ တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။


ဖေဖော်ဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးရက်ကြာ ဒေါ်လာ ၁၂၅၀ အထက် ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းခဲ့ရာ မတ် ၁၀ ရက်တွင် ဒေါ်လာ ၁၂၀၀ အောက်အထိ ရောက်ရှိခဲ့ပြီး မတ် ၂၀ ရက်တွင် ဒေါ်လာ ၁၂၃၀ အထက်၊ မတ် ၂၂ ရက်တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ မတ် ၂၇ ရက်တွင် ၁၂၅၈ ဒေါ်လာခန့်အထိ မြင့်တက်ခဲ့ပြီးနောက် မတ် ၃၁ ရက်တွင် ၁၂၄၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဧပြီ ၇ ရက်တွင် ဒေါ်လာ ၁၂၇၀ အထက်၊ ဧပြီ ၁၄ ရက်တွင် ဒေါ်လာ ၁၂၈၀ အထက်၊ ဧပြီ ၁၈ ရက်တွင် ၁၂၉၀ အထက်သို့ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့သော မတ်လအတွင်း ပြည်တွင်း ရွှေစျေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၈၀၁၀၀ (မတ် ၁၀ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၀၅၅၀၀ (မတ် ၂၇ ရက်) ဖြစ်ကာ မတ် ၃၁ ရက်တွင် ကမ္ဘာ့ရွှေစျေး ပြန်လည်ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၈၉၈၉၀၀ ဝန်းကျင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထို့နောက် ဧပြီ ၃ ရက်အထိ ကျပ် ၈၉၅၇၀၀ မှ ၈၉၉၀၀၀ အကြား ဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၄ ရက်တွင် ကမ္ဘာ့ရွှေစျေး မြင့်တက်မှုကြောင့် ကျပ် ၉၀၀၀၀၀ အထက် ပြန်ရောက်ခဲ့ကာ ဧပြီ ၇ ရက်တွင် ကျပ် ၉၀၅၀၀၀ အထိ ရောက်ရှိခဲ့သည်။


ဧပြီ ၈ မှ ၁၁ ရက်အတွင်း ကျပ် ၉၀၀၀၀၀ အထက်တွင် ဆက်ရှိနေခဲ့ပြီး ဧပြီ ၁၁ ရက်တွင် ကျပ် ၉၀၃၀၀၀ အထိ မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေစျေး မြင့်တက်မှုကြောင့် ဧပြီ ၁၂ ရက်တွင် ကျပ် ၉၀၉၈၀၀၊ သင်္ကြန်ကာလပြီးနောက် စျေးကွက်ပြန်ဖွင့်သည့် ဧပြီ ၁၈ ရက်တွင် ကျပ် ၉၁၁၈၀၀ ဖြင့် စံချိန်သစ်တင်ခဲ့ပြီး ဧပြီ ၁၉ ရက်တွင်လည်း ကျပ် ၉၁၁၇၀၀ ဝန်းကျင်စျေး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


Source : Eleven Media Group

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.