၂၀၁၉ ခုနှစ်မှာ စတင်ဖို့ တာစူနေပြီဖြစ်တဲ့ Eco Green City စီမံကိန်း

javascript

ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်က မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းကြီးလေးခုအနက်မှာ Eco Green City စီမံကိန်းကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒုတိယမြောက် အကောင်အထည်ဖော်မယ့် စီမံကိန်းဖြစ်ပါတယ်။


ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ မျှော်မှန်းထားတယ်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြောခဲ့ပါတယ်။


အခုဖေဖော်ဝါရီ ပထမပတ်လောက်ကစပြီး စီမံကိန်းမြေနေရာအတွက် မြေယာပြုပြင်တာတွေ၊ အဓိကရုံးခန်းဆောက်လုပ်တာတွေ ဆောင်ရွက်နေပြီလို့ စီမံကိန်းအတွက် သတင်းထုတ်ပြန်ရေးက ထုတ်ပြန်ထားပါတယ်။ ဝန်ကြီးဌာနအနေနဲ့ကတော့ စီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။


"Eco Green City စီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ဖို့လုပ်နေတယ်။ အစကတည်းက ရင်းနှီးမြှုပ်နှံမယ့်သူကတော့ ရှိပြီးသား။ လုပ်ငန်းစတာတော့ စနေပြီ။ တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုတင်ဖို့ လုပ်နေတယ်"လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်မိုးသီတာက ပြောပါတယ်။


ဒီစီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ အပြင်ပတ်လမ်း အမြန်လမ်းမကြီးဘေးမှာ တည်ရှိနေတာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ဝင်ပေါက်နဲ့ မြန်မာနိုင်ငံအထက်ပိုင်းကို ချိတ်ဆက်ထားပါတယ်။ ဟံသာဝတီလေဆိပ်နဲ့ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ အမှတ် ၁၊ ၃၊ ၇ နဲ့ ရန်ကုန်•မန္တလေး အမြန်လမ်းတို့ ဆုံမှတ်နေရာမှာ တည်ရှိပါတယ်။


ဒါ့ပြင် ဒီစီမံကိန်းဟာ လှည်းကူးမြို့နယ်မှာ မက်ဂါစီးတီးဖွံ့ဖြိုးမှုနဲ့ ရန်ကုန်မြို့မှာ ကြုံတွေ့လာရတဲ့ အလျားလိုက် ဖြန့်ကြက်လာမှုတွေကို မဟာဗျူဟာကျတဲ့ ဖြေရှင်းမှုတွေထဲက တစ်ခုဖြစ်လာမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။


ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Alliance Star ကုမ္ပဏီတို့က စီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ စတင်နိုင်မယ်လို့ ရည်မှန်းထားပြီး ၂၀၂၉ ခုနှစ်မှာ ပြီးစီးနိုင်ဖို့ မျှော်မှန်းထားပါတယ်။


Eco Green City စီမံကိန်းကို အပိုင်း သုံးပိုင်းခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စီမံကိန်းမျှော်မှန်းချက်အနေနဲ့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)က ရေးဆွဲခဲ့တဲ့ ရန်ကုန်မြို့ ရည်မှန်းချက် ၂၀၄၀ မှာပါဝင်တဲ့ အနာဂတ် မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့၊ ဝင်ငွေနည်းပြည်သူတွေအတွက် လိုအပ်တဲ့ အငှားအိမ်ရာတွေ၊ တန်ဖိုးနည်းအိမ်ရာတွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိပြီး လူမှုဘဝမြင့်မားလာစေဖို့ စတဲ့ မျှော်မှန်းချက်ထားရှိပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။


စီမံကိန်းအဆင့်(၁)ရဲ့ လူနေအဆောက်အအုံတွေ၊ ဝန်ဆောင်မှုဇုန်တွေ၊ အုပ်ချုပ်ရေးရုံးခန်းတွေ၊ ဘက်စုံသုံးဇုန်၊ လမ်းနဲ့ တခြားအခြေခံအဆောက်အအုံ တည်ဆောက်မှုတွေကို မြေဧက ၆၆၇ ဒသမ ၈ ဧကပေါ်မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။


အဆင့်(၂)မှာတော့ အိမ်ရာယူနစ်တွေ အကောင်အထည်ဖော်မှု၊ နိုင်ငံတကာဆေးရုံနဲ့ကျောင်းတွေ၊ အပန်းဖြေနားနေနိုင်တဲ့ ပန်းခြံတွေ၊ ဟိုတယ်ဇုန်တွေ၊ ဂေါက်ကွင်းတွေနဲ့ မီဒီယာအဝန်းအဝိုင်းတစ်ခုတို့ကို မြေဧက ၇၈၅ ဒသမ ၃၂ ဧကမှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။


Eco Green City စီမံကိန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ အဝင်မှာ တည်ရှိတာဖြစ်လို့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ဇန်နဝါရီလဆန်းပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောပါတယ်။


Eco Green City စီမံကိန်းကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြဖို့နဲ့ နိုင်ငံတော်က ရသင့် ရထိုက်တဲ့ အကျိုးအမြတ်တွေရဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ် တော်အစည်းအဝေးမှာ ပုလဲမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မေးခွန်းထုတ်ခဲ့ပါတယ်။


အဆိုပါမေးခွန်းနဲ့ပတ်သက်ပြီး စီမံကိန်းဧရိယာတစ်ခုလုံးကို ခြံစည်းရိုးခတ်ထားပြီး စီမံကိန်း (Master Plan) ညှိနှိုင်းရေးဆွဲရာမှာ နိုင်ငံတော်ကရရှိမယ့် အိမ်ရာတွေရဲ့ အသေးစိတ်ပုံစံတွေကို ပြန်လည်ညှိနှိုင်းခြင်း၊ စီမံကိန်းလမ်းကြောင်းတွေ ပြန်လည်သတ်မှတ်ခြင်း၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ခွဲဝေမှုအတွက် အသေးစိတ်တွက်ချက်ခြင်းတွေ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှတ်တော်မှာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။


Eco Green City စီမံကိန်းနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ရော၊ အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေအနေနဲ့ပါ ပြည်သူလူထုကို သေချာချပြဖို့အတွက် မျှော်မှန်းတယ်လို့ ဒေါ်ခင်စန်းလှိုင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။


"ဝန်ကြီးရဲ့ဖြေကြားထားတဲ့ အကြောင်းအရာက လွှတ်တော်မှာ ကတိကဝတ်အနေနဲ့ ရှိနေပြီ။ လွှတ်တော်က ဆက်လက်ဆောင်ရွက်ဖို့ ကတိကဝတ်ကော်မတီကလည်း ဆက်လက်ပြီး ဆောင်ရွက်လိမ့်မယ်။ ဝန်ကြီးဌာနကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်မယ်။ ဒီဟာနဲ့ပတ်သက်ပြီး တိတိကျကျ အဖြေမပေးနိုင်ဘူးဆိုရင် ထပ်မံပြီးလွှတ်တော်မှာ မေးမြန်းတာမျိုးပဲဖြစ်ဖြစ်၊ တွေ့ဆုံရတာပဲဖြစ်ဖြစ်၊ခေါ်ယူပြီး မေးမြန်တာမျိုးပဲဖြစ်ဖြစ် ဆောင်ရွက်ရပါလိမ့်မယ်"လို့ သူက ဆက်လက်ပြောပါတယ်။


"ဝန်ကြီးဌာနက ရရှိတဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ မြေဧက ၂ဝဝ ပေါ်မှာ တန်ဖိုးနည်းအိမ်ရာ ယူနစ် ၄ဝဝဝ ခန့် ဒါမှမဟုတ် သူနဲ့ညီမျှတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်တဲ့ အဆင့်မြင့်အိမ်ရာ ယူနစ် ၃ဝဝဝ ခန့်ကို ကုမ္ပဏီက ဆောက်လုပ်လွှဲပြောင်းပေးသွားမှာဖြစ်တယ်"လို့ ဒုဝန်ကြီး ဦးကျော်လင်းက နိုဝင်ဘာလတုန်းက ပြောခဲ့ပါတယ်။


လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် စပါးလင်ဆီစိုက်ခင်း မြေနေရာ ၁၄၅၃ ဒသမ ၇၂ ဧကမှာ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ခွင့်ကို Alliance Starကုမ္ပဏီက နှစ်ရှည်ငှားရမ်းခွင့် ရရှိခဲ့ပါတယ်။


အဲဒီစိုက်ပျိုးမြေက ရေဝပ်မြေဖြစ်တဲ့အတွက် ပြန်လည်အပ်နှံခဲ့ပြီး တော့ စီမံကိန်းအကောင်အထည်ဖော်ဖို့ ကုမ္ပဏီဘက်က အဆိုပြုခဲ့ပါတယ်။ အဲဒီအဆိုပြုချက်အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတရုံးက ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကုမ္ပဏီတို့ကို ပူးပေါင်းပြီး စီမံကိန်းလုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ မြေရာဇဝင်မှတ်တမ်းမှာဖော်ပြထားပါတယ်။


Eco Green City စီမံကိန်းကို ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့် သုံးစွဲသွားမှာဖြစ်ပါတယ်။ စီမံကိန်းအကောင် အထည်ဖော်နေစဉ်ကာလအတွင်းမှာ ဒေသခံပြည်သူတွေအတွက် ယာယီအလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းခန့်နဲ့ စီမံကိန်းပြီးစီး ပါက အမြဲတမ်းအလုပ်အကိုင် အခွင့်အလမ်း တစ်သောင်းခွဲခန့်ကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။


Source : The Myanmar Times

Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

https://play.google.com/store/apps/details…

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.