ရွှေတုံးဝယ်ယူမှုအပေါ် အခွန် ငါးရာခိုင်နှုန်း ကောက်ခံမှု တစ်လ ဆိုင်းငံ့ပေးရန် ပြည်တွင်းအခွန်ထံ စာတင်မည်

javascript
အခေါက်ရွှေတုံးဝယ်ယူမှုအပေါ် အခွန်ငါးရာခိုင်နှုန်း ကောက်ခံမှုကို 
ဧပြီလ ၁ ရက်နေ့ စတင်မည်ဖြစ်ရာ တစ်လဆိုင်းငံ့ပေးရန် ပြည်တွင်း 
အခွန်များ ဦးစီးဌာနထံသို့ စာတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ဧပြီလ ၁ ရက်နေ့မှစ၍ ရွှေနှင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ (အထည်) ဝယ်ယူမှုအပေါ် အခွန် တစ်ရာခိုင်နှုန်းနှင့် ရွှေတုံးဝယ်ယူမှုအပေါ် အခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရွှေတုံးအပေါ် ကောက်ခံသည့် အခွန် ပမာဏမှာ များပြားသဖြင့် အရောင်းအဝယ် ဈေးကွက်ကို ထိခိုက်နိုင်သည့်အတွက် အချိန်ပေးရန် ယင်းကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

“ရွှေတုံးက တစ်ကျပ်သား ဝယ်မယ်ဆိုရင် အခွန်က လေးသောင်း
ခွဲဆောင်ရမှာ။ ဒီဟာကို ရွှေဆိုင်က လူတွေလည်း စိုက်ပြီး မဆောင်နိုင်တော့ အခွန်မဆောင်ဘဲ တရားမဝင် ရောင်းဝယ်လာနိုင်တယ်။ နောက်ပြီး ဒီအခွန်များနေတာကိုလည်း လာမယ့်နှစ် အခွန်အကောက် ဥပဒေမှာ အခွန်လျှော့ချပေးဖို့ အစိုးရနဲ့ညှိရမယ်။ တခြားနိုင်ငံတွေမှာလည်း ရွှေအတုံးကို အခွန်ကောက်တယ်။ ဒီနိုင်ငံလောက် မများဘူး”ဟု ၎င်းကဆိုသည်။

ရွှေထည်နှင့်ပတ်သက်၍ လက်ဝတ် ရတနာများသာ အဝယ်များပြီး အတုံးလိုက် ဝယ်ယူသူများမှာ အနည်းငယ်သာရှိကြောင်း၊ ယင်းကဲ့သို့ အခွန်နှုန်း များလာသည့်အတွက် ရွှေတုံး ရောင်းဝယ်သည့် ဈေးကွက်မှာ အေးစက်သွားနိုင်ကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောကြားသည်။
ယခင်နှစ်ပေါင်း များစွာမှစ၍ ယနေ့အချိန်ထိ အိန္ဒိယနိုင်ငံသို့ ရွှေတုံးများ တရားမဝင် တင်ပို့နေကြောင်း၊ ထို့ကြောင့် ရွှေတင်ပို့ခွင့်ကို တရားဝင် 
ဖွင့်ပေး၍ ရွှေတုံးများအပေါ်တွင် အခွန် ကောက်ခံရန် စီစဉ်ရခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ရွှေဈေး တက်လာတာကလည်း ငွေကြေး ဖောင်းပွမှုကို ပြတာပဲ။ ဒီရွှေဈေးကွက်ကို အစိုးရက ဝင်ထိန်းလို့ မရဘူး။ ရွှေတုံးတွေ ဝယ်စုတာကလည်း ပိုက်ဆံ တကယ် ရှိတဲ့သူတွေပါ။ အဲဒါတွေကြောင့် ဒီအခွန်လောက်ကို သူတို့ ပေးဆောင်နိုင်ပါတယ်”ဟု ယင်းဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ကိုးသိန်းငါးထောင်ရှိပြီး ရွှေဈေးသည် ယခုနှစ်အတွင်း စံချိန်တင် မြင့်တက်လာခြင်းဖြစ်သည်။

Source : The Voice

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.