တပြိုင်နက်တည်း အကောင်အထည်ဖော်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းနှင့်အထပ်မြင့် အမြန်လမ်းမကြီး

javascript
လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အနီးဝန်းကျင်ရှိ လူနေအိမ်ရာများကြောင့် ၂၄ နာရီ တက်/ဆင်းနိုင်သည့် အပြည်ပြည်ဆိုင်ရာအဆင့် လေဆိပ်တခုအဖြစ် တိုးချဲ့ရန်မှာ မဖြစ်နိုင်တော့ကြောင်း ရန်ကုန်နှင့် အလှမ်းမဝေးသည့် ပဲခူးတိုင်းဒေသကြီးတွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးကို အကောင်အထည်ဖော်တော့မည် ဖြစ်သည်။ 

လုပ်ငန်းလုပ်ခွင့်ရကုမ္ပဏီဖြစ်သော JGC-Yongnam-Changi Airport International Consortium က သက်ဆိုင်ရာကုမ္ပဏီများအလိုက် တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းတာဝန်ပိုင်း၊ တာဝန်ယူမှုအပိုင်း၊ ဘဏ္ဍာရေးအပိုင်း စသည်တို့ကို ညိနှိုင်းဆွေးနွေးသဘောတူလုပ်ကိုင်မည့် သဘောတူစာချုပ်ကို မြန်မာနိုင်ငံပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့တင်ပြရမည်ဖြစ်သည်။ ယင်းသို့ အဆင့်ဆင့် စိစစ်ညှိနှိုင်းဆွေးနွေးပြီးမှသာ Concession Agreement ကို လက်မှတ်ရေးထိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း ဆောင်ရွက်နိုင်ရန် ကြိုးစားနေသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းမှ တာဝန်ရှိသူတဦးထံမှ သိရသည်။ 

လက်ရှိတွင် လေဆိပ်စီမံကိန်းတည်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တိုင်ကန်ကျေးရွာအနီး ဒုတိယကမ္ဘာစစ်ကာလလေယာဉ်ကွင်းဟောင်း (မြေဧက ၉၆၉၀) ပေါ်တွင် လမ်းရှင်းလင်းခြင်း၊ တောရှင်း လင်းခြင်း၊ လယ်ယာမြေ လျော်ကြေးများပေးအပ်ခြင်းတို့ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 

ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါစိစစ်ရာတွင် ၂၀၁၃ ခုနှစ် သြဂုတ် ၁၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်လေဆိပ်ကို တည်ဆောက်ခဲ့သူ Incheon Airport Consortium ကို တင်ဒါအောင်မြင်သူအဖြစ်လည်းကောင်း၊ Yongnam-Cape-JGC Consortium ကို အရန်အဖြစ်လည်းကောင်း တရားဝင်ကြေညာရွေးချယ်ခဲ့သည်။ 

သို့သော် အဆိုပါ တင်ဒါအောင်ကုမ္ပဏီအဖွဲ့အစည်းနှင့် တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုရန် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် စီမံကိန်းကုန်ကျစရိတ်ဆိုင်ရာ ဘဏ္ဍာငွေရင်းနှီးမြှုပ်နှံမှုထည့်ဝင်သည့်အပိုင်း၌ ညှိနှိုင်းမှုများ အဆင်မပြေသည့်အတွက် ယာယီရပ်ဆိုင်းခဲ့သည်ဟု သိရသည်။ 

စီမံကိန်းကြီးသည် ရင်းနှီးမြှုပ်နှံမှုမြင့်မားသည့်အတွက် ODA ကဲ့သို့ နိုင်ငံခြားချေးငွေ လိုအပ်ချက်ရှိကြောင်း တင်ပြမှုအပေါ် မူလတင်ဒါခေါ်ယူစဉ်ကဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းချက်များအနက် စုစုပေါင်း စီမံကိန်း ကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်းထက် မပိုသော ODA ချေးငွေရယူဆောင်ရွက်နိုင်ရန် ထပ်မံ ခွင့်ပြုဆောင်ရွက်ပေးခဲ့သည့်အတွက် တင်ဒါအောင် အဖွဲ့အစည်းများကို အဆိုပြုချက်များ ပြန်လည်ပြင်ဆင်ပြီး တင်ဒါပြန်လည်တင်သွင်းစေခဲ့သည်။ အထက်ပါ ကုမ္ပဏီနှစ်ခုလုံးက ပြန်လည်တင်သွင်းခဲ့ပြီး ၂၀၁၄ အောက်တိုဘာ ၃၀ ရက်တွင် Yongnam-Cape-JGC Consortium အနေဖြင့် JGC- Yongnam- Changi Airport International Consortium အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ဟံသာဝတီလေဆိပ်ကြီးကြပ်ရေးကော်မတီနှင့် ညှိနှိုင်းဆွေးနွေးမှု ၁၀ ကြိမ်တိတိ ပြုလုပ်အပြီးတွင် ချေးငွေရယူမှုဆိုင်ရာ မူဘောင်သဘောတူညီချက်ကို အဆိုပါ ကုမ္ပဏီအနေဖြင့် ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။လေဆိပ်သစ်စီမံကိန်းကြီးနှင့်အတူ ရန်ကုန်မြို့မှ ဟံသာဝတီလေဆိပ်သို့ အချိန်တိုအတွင်း သွားရောက်နိုင်မည့် အထပ်မြင့်အမြန်လမ်းမကြီးစီမံကိန်းကိုလည်း တပြိုင်နက်တည်း စတင်နိုင်ရန် ဆောင်ရွက်နေသည်ဟု အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်မြို့ဆူးလေမှ ဟံသာဝတီလေဆိပ်အထိသော်လည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချိတ်ဆက်နိုင်မည့်အထပ်မြင့်လမ်းမကြီးတခုအဖြစ်ဖြင့် လည်းကောင်း တည်ဆောက်အကောင်ထည်ဖော်သွားရန် စစ်တမ်းကောက်လေ့လာဆန်းစစ်မှုများကို စတင် ဆောင် ရွက်နေပြီဟု သိရသည်။ 

လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မြန်မာနိုင်ငံ၏ အဓိက Major Gateway အဖြစ် ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် မကြာမီ တိုးချဲ့များပြားလာမည့် လေကြောင်းလိုင်းများနှင့် လေယာဉ်စီးခရီးသည်များကြောင့် နိုင်ငံတကာအဆင့်အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တခု မဖြစ်မနေတိုးချဲ့ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည့်အတွက် ဟံသာဝတီလေဆိပ်စီမံကိန်းကို ၂၀၂၂ တွင် အပြီးဆောင်ရွက်နိုင်ရန် စီမံကိန်းလျာထား ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ 

''ခေတ်သစ် မြန်မာနိုင်ငံပေါ်ထွက်လာခြင်းရဲ့အခြေခံအဆောက်အအုံ တိုးတက်လာမှုမှာ ပထမဆုံးအနေနဲ့ စင်ကာပူ-ဂျပန် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူနဲ့ဂျပန်ဟာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အရည်အသွေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စေ့စပ်သေချာ အလေးထားသူများဖြစ်တဲ့အတွက် လက်တွဲလုပ်ဆောင်နေပါတယ်။
စင်ကာပူရဲ့ ချန်ဂီလေဆိပ် လည်ပတ်မှုနဲ့စီမံခန့်ခွဲမှု မှတ်တမ်းများက သက်သေပြပြီးဖြစ်သလို Yongnam Holdings Limited ရဲ့ ဆောက်လုပ်ရေးကျွမ်းကျင်မှု၊ ဂျပန်နိုင်ငံလုပ်ငန်း မိတ်ဖက်ဖြစ်တဲ့ JGC Corporation ရဲ့ ပြောင်မြောက်တဲ့ အင်ဂျင်နီယာ အတတ်ပညာအစွမ်းက ဟံသာဝတီလေဆိပ်ကြီးကို ဒေသတွင်း နိုင်ငံများအကြားမှာ ထင်ရှားစေမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူစရာဖြစ်လာမယ်လို့ ယုံကြည်ပါတယ်''ဟု ၂၀၀၆ ခုနှစ်က မူဘောင်သဘောတူ စာချုပ်ချုပ်ဆိုခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ 

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၂ ခုနှစ်တွင် ပြီးစီးလည်ပတ်နိုင်ရေးစီမံကိန်း လျာထားဆောင်ရွက်နေပြီး ပထမအဆင့်အနေဖြင့် ခရီးသည် ၁၂ သန်းနှင့် ကုန်တန်ချိန် တသိန်း လက်ခံ ဆောင်ရွက်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သိရသည်။ ဒုတိယအဆင့်အနေဖြင့် ခရီးသည် သန်း ၃၀ အထိ လက်ခံဆောင်ရွက်နိုင်ရေးအတွက် လျာထားပြီး အနာဂတ်တိုးတက်မြင့်မားလာမည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် နှစ်ရှည် စီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

အဆိုပါ လေဆိပ်ကြီး ပြီးစီးသွားပါက မြန်မာနိုင်ငံ၏ အဓိကအချက်အချာ အပြည်ပြည်ဆို်င်ရာ လေဆိပ်ကြီးတခုအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်ကိုလည်း ဆက်လက် အသုံးပြုသွားမည်ဟု သိရသည်။ 

ယင်းအပြင် လေဆိပ်နှစ်ခုကြား ဆက်သွယ်ဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာ လေကြောင်းများ ဆင်းသက်ရပ်နားမှုနှင့် လေဆိပ်နှစ်ခုတို့ ဆက်သွယ်သွားလာမှုတွင် အထပ်မြင့် အမြန်လမ်း၊ ရထားလမ်းများ ဆက်သွယ်ဖောက်လုပ်မှုတို့အတွက် သက်ဆိုင်ရာဌာနအသီးသီးနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါဌာနမှ သိရသည်။

Source : News Watch

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.