(+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

မင်္ဂလာဈေး အဆောက်အအုံသစ် လာမည့် နိုဝင်ဘာတွင် စဆောက်မည်

၂၀၁၅ ခုနှစ်တွင် မီလောင်ကျွမ်းခဲ့ပြီး အသစ်ပြန်လည် ဆောက်လုပ်ရန် ကြန့်ကြာနေသော မင်္ဂလာဈေး အဆောက်အအုံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စီစဉ်မှုဖြင့် လာမည့်နိုဝင်ဘာလတွင် စတင်ဆောက်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် မေ ၁၈ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက မင်္ဂလာဈေးသူ၊ ဈေးသားများကို ခေါ်ယူတွေ့ဆုံကာ အသစ်ပြန်လည်တည်ဆောက်မည့် အဆောက်အအုံ ဒီဇိုင်းကို ရှင်းလင်းပြသခဲ့ပြီး နိုဝင်ဘာလတွင်စတင်၍ နှစ်နှစ်ကျော်အတွင်း အပြီးဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းက

မြန်မာတိုင်း(မ်)ကို ပြောသည်။


"ကျွန်တော်က မင်္ဂလာဈေး တတိယထပ်က ဈေးသူ၊ ဈေးသားတွေရဲ့ ကိုယ်စားလှယ်ပါ။ ကျွန်တော်တို့ကို အဆောက်အအုံဒီဇိုင်း ခေါ်ပြပါတယ်။ ပြီးတော့ နှစ်နှစ်ခွဲအတွင်း အပြီးဆောက်ပေးမယ်လို့ ပြောတယ်။ဆိုင်ခန်းတွေကိုလည်း အရင်ဈေးတုန်းကအတိုင်း အကုန်ပြန်ရပါမယ်။ ဆိုင်ခန်းပေါင်း ၄,၀၀၀ ကျော်ပြန်ရပါမယ်"ဟု ၎င်းက ပြောသည်။


ဈေးသစ်၏ အဆောက်အအုံ ဒီဇိုင်းအတွက် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းက အဆောက်အအုံဒီဇိုင်းပြိုင်ပွဲခေါ်ယူမှုပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲမှ ရွေးချယ်ထားသည့် ဒီဇိုင်းကို တည်ဆောက်သွားမည်ဖြစ်သည်။


အဆိုပါဒီဇိုင်းအရ ၁၄ (သို့မဟုတ်) ၁၅ ထပ် အဆောက်အအုံကို ဆောက်လုပ်သွားမည်ဖြစ်ပြီးဈေးဆိုင်ခန်းများကို မူလအတိုင်း မြေညီထပ်မှ လေးထပ်အထိ ထားရှိမည်ဖြစ်ကာ ကျန်အပေါ်ထပ်များတွင် ဈေးဝယ်စင်တာနှင့် ရုံးခန်းအဆောက်အအုံများကို ထည့်သွင်းသွားမည်ဖြစ်သည်။


"ဒီဇိုင်းပိုင်းကတော့ ပြီးသွားပါပြီ။ ၁၄၊ ၁၅ ထပ် ဆောက်ဖြစ်ဖို့က သေချာသွားပြီး။ အရင်တုန်းကဈေးဆိုင်ပိုင်ရှင်တွေကို အရင်အတိုင်း လေးထပ်အထိ ထားမယ်။ ကျန်တဲ့အပေါ်ဘက် အထပ်ကို ရုံးခန်းတို့ ရှော့ပင်းမောလ်တို့ ဖြစ်သွားမယ်။ သူ့အထပ်နဲ့သူ ကားပါကင်တွေ ပါလိမ့်မယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေကော်မတီ၊ ဈေးများဌာန တာဝန်ရှိသူ ဦးသိန်းဌေးက ပြောသည်။


သို့သော် အဆောက်အအုံ ဆောက်လုပ်ရေးအတွက်ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများကို တင်ဒါခေါ်ယူကာ ဆောက်လုပ်သွားမည်ဖြစ်ပြီးတင်ဒါခေါ်ယူမည့်အချိန်ကို နောက်ပိုင်းတွင် တရားဝင် ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။


မင်္ဂလာဈေး မီးဘေးသင့်ခဲ့သည်မှာ ယခုအချိန်ထိ တစ်နှစ်နှင့် ငါးလရှိနေပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ကြာမြင့်နေသည့် ကြားကာလတွင် အမြန်တည်ဆောက်ပေးရန် ဈေးသူ၊ဈေးသားများဘက်က ဆန္ဒဖော်ထုတ်မှုများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ပတ်သက်၍ မကျေနပ်မှုများ ရှိခဲ့သည်။


ယင်းကဲ့သို့ အချိန်တစ်နှစ်ကျော် ကြန့်ကြာခဲ့သည့်အတွက် ယခင်မင်္ဂလာဈေးတွင် မှီခိုကာ စီးပွားရှာရသူများ၏ ၅၀ ရာခိုင်နှုန်းမှာ အခြေအနေ ပျက်ယွင်းခဲ့ရကြောင်း မင်္ဂလာဈေးမြေညီထပ်ဈးသူ၊ ဈေးသား ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်နိုင်ထွေးက ပြောသည်။


"မီးလောင်ပြီးကတည်းက တစ်နှစ်နဲ့ ငါးလကျော် ကြာပြီ။ လက်ရှိအချိန်ထိ ဈေးသူ၊ ဈေးသားတွေ အရမ်းကို ဒုက္ခရောက်ခံစားနေရတယ်။ ကျွန်တော်တို့ ဈေးထဲမှာ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံရှိတယ်။ ဒီတစ်နှစ်ကျော်အတွင်းမှာပဲ ဆိုင်ခန်းငှားတဲ့သူတွေ၊ ကုန်ထမ်းတဲ့သူတွေ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းက အခြေအနေ ပျက်သွားကြတယ်။ ဒါက ဈေးအမြန်ဆုံးပန်မဆောက်နိုင်တာကြောင့်ပါ"ဟု ၎င်းက ပြောသည်။


ယခု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ နှစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်ပေးမည်ဆိုသည့် အပေါ်တွင် ဈေးသူ၊ ဈေးသားများက သဘောတူညီခဲ့ပြီး နှစ်နှစ်ခွဲအတွင်း အမှန်တကယ်ပီးစီးရန် မျှော်လင့်ကြောင်း ပြောသည်။


"အခု သူတို့ပြတဲ့ဒီဇိုင်းနဲ့ နှစ်နှစ်ခွဲအတွင်း ဆောက်ပေးမယ်ဆိုတာကိုတော့ ကျွန်တော်တို့ဘက်ကသဘော မတူတာ မရှိပါဘူး။ အမြန်ဆုံး အပြီးတည်ဆောက်ပေးဖို့ပဲ မျှော်လင့်ပါတယ်။ ဆိုင်ခန်းအကျယ်အဝန်းကလည်း အရင်တုန်းကအတိုင်း ငါးပေပတ်လည် (၂၅ စတုရန်းပေ) အတိုင်းပြန်ရမယ်ဆိုတော့ ကောင်းပါတယ်"ဟု ဦးကျော်နိုင်ထွန်းက ပြောသည်။


Source : Myanmar Time 

#realestate #property #lease #buy #sell #apartment #condo #flat#house#villa #residence #office #commercial #residential #realtor #agency#agent#tenant #leasing #yangon #myanmar #estate#estatemyanmar#estatemyanmarnews

Facebook comments