မြေယာနှစ်ရှည်မငှားနိုင်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအကြီးစားများ ဝင်ရောက်ရန်ခက်ခဲ

javascript
အစိုးရမြေများမှအပ စက်မှုဇုန်များရှိ ပုဂ္ဂလိကပိုင်မြေကွက်များမှာ နှစ်ရှည် မြေငှားရမ်းနိုင်ခြင်း မရှိသောကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအကြီးစားများ ဝင်ရောက်ရန်ခက်ခဲလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မြေပြဿနာ ပြေလည်စေရေးအတွက် အစိုးရက စက်မှုဇုန်များ တည်ထောင်ခြင်း၊ အထူးစီးပွားရေးဇုန်များ တည်ထောင်ပြီး နှစ်ရှည် မြေငှားရမ်းနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းကပြောဆိုသည်။

“တချို့ဆို မြေက ငါးနှစ်ငှားတယ်။ ငါးနှစ်ပြည့်တော့ မြေဈေး အပြောင်းအလဲ ထပ်လုပ်၊ ညှိမရတော့ ပြောင်းရရွှေ့ရတာတွေရှိတယ်။ နှစ်ငါးဆယ် မြေငှားနိုင်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူက ဘာပဲဖြစ်ဖြစ်လုပ်မှာပဲ။ ဒါကြောင့် တကယ့် အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဝင်မလာတာ။ ဒီလိုမျိုးတွေ ဝင်လာဖို့အတွက် အစိုးရက ကိုယ်ထူကိုယ်ထ စက်မှုဇုန်ထောင်မယ့်သူတွေကို ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်သွားမှာ။ ရင်းနှီးမြှုပ်နှံမှု အကြီးစားတွေဝင်လာရင် နိုင်ငံ့ GDP က တော်တော်လေး တက်လာလိမ့်မယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန်များ အားလုံးပေါင်းမှ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ စက်မှုဇုန်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိက ရှင်းပြသည်။လတ်တလော၌ ရန်ကုန်ရှိ စည်ပင်သာယာပိုင်မြေများတွင် ရင်းနှီးမြှုပ်နှံလိုသူများအနေနှင့် မြို့ပြင် မြေငှားရမ်းနှုန်းမှာ တစ်စတုရန်းမီတာကို ငါးဒေါ်လာမှ အများဆုံး ၁၃ ဒေါ်လာအထိရှိကြောင်း၊ မြို့တွင်း အချက်အချာကျသည့် မြေနေရာများတွင်မူ တစ်စတုရန်းမီတာကို ၃၅ ဒေါ်လာမှ ၄၀ ဒေါ်လာအထိ ကောက်ခံလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်စည်ပင်သာယာနယ် နိမိတ်ပြင်ပရှိ မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန်များ တည်ထောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မေလအတွင်းက ကြေညာခဲ့သည်။

ရန်ကုန်၏ စက်မှုအချက်အချာကျသည့် လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန်တို့တွင် မြေကွက်လပ်များစွာရှိပြီး ယင်းမြေများကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ပိုင်ဆိုင်ကာ မြေဈေးကစားမှုများရှိကြောင်း၊ ယခုအချိန်တွင် အစိုးရက ပြန်သိမ်းမည်ဟု ပြောကြားလာသောကြောင့် မြေငှားခြင်းများ၊ ခြံခတ်ပြီး ဂိုဒေါင်ဆောက်ခြင်းများ ပြုလုပ်နေကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအေးဝင်းက ပြောကြားသည်။

“ဖုန်းစက်ရုံတွေ၊ ကားထုတ်လုပ်တဲ့ စက်ရုံတွေ မလာတာ အဲဒီမြေကိစ္စလည်းပါတယ်။ ပြီးတော့ လျှပ်စစ်ရောပေါ့။ နွေရာသီဆိုရင် စက်မှုဇုန်တွေမှာ ကိုယ့်မီးစက်နဲ့ကိုယ် လည်နေရတယ်။ မြေဆိုလည်း အချက်အချာ ကျတဲ့နေရာကို မငှားဘူး။ အခုဆို သီလဝါ ပေါ်လာတော့ လုပ်ငန်းရှင်တွေအတွက် ကောင်းသွားတယ်။ သူ့ဆီမှာ နှစ် ၃၀၊ နှစ် ၅၀ မြေငှားလို့ရတယ်”ဟု ၎င်းကဆိုသည်။

Source : The Voice

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.