မန္တလေးတွင် မြေစလစ်အတုဈေးကွက်ရှိဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ သတိပေး

javascript

မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ မြေကွက်လွတ်အချို့ကို မြေစလစ် (မြေချထားမိန့်စာရွက်) အတုဖြင့် လိမ်လည်ရောင်းချမှုများ ရှိနေသောကြောင့် မြေကွက်အလွတ်များကိုဝယ်ယူရာ၌ သတိထားရန် မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သတိပေးပြောဆိုသည်။


မြေစလစ်အတု ပြုလုပ်ရောင်းချသူများသည် သက်တမ်းနုနယ်သေးသော ပွဲစားအချို့မှတစ်ဆင့် နယ်ဒေသမှ မြေဝယ်ယူလိုသူ၊ ဈေးသက်သက်စွာဖြင့် မြေကွက်ပိုင်ဆိုင်လိုသူများနှင့် နားမလည်သူ များကိုပစ်မှတ်ထား လုပ်ဆောင်နေကြောင်း မန္တလေးမြို့ခံ ဖိုးလမင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးဝဏ္ဏစိုးက ပြောကြားသည်။


“အိမ်၊ခြံ၊ မြေဈေးကွက်ထဲမှာ မြေစလစ်အတုကိုဝယ်ထားတဲ့သူတွေ အများကြီးရှိတယ်။ ဝယ်မှားပေါ့။ မြေစလစ်အတုက အများကြီးရှိနေသလို၊ ပြဿနာတွေလည်း အများကြီးရှိနေတယ်”ဟု ၎င်းက ရှင်းပြသည်။


သက်ဆိုင်ရာနယ်မြေကိုကျွမ်းကျင်သော ဝါရင့်ပွဲစားများအနေနှင့် ဈေးကွက်အတွင်းရှိ မြေစလစ်စာရွက်ကိုကြည့်၍ အတု၊ အစစ် ခွဲခြားနိုင်သောကြောင့် လိမ်လည်ရောင်းချသောသူများသည် ဝါရင့်မြေပွဲစားများကို ရှောင်ရှား၍ အရောင်းအဝယ် ပြုလုပ်လေ့ရှိကြောင်း ဝသုန္ဒြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးမျိုးမြင့်အောင်က ဖြည့်စွက်ပြောကြားသည်။


မြေစလစ်အတုအစစ်ကွာခြားမှုနှင့် ပတ်သက်၍ “စာရွက်သားကွာတယ်။ လက်ရေးလက်သားကွာတယ်။ နေ့၊ ရက်တွေ လွဲတယ်။ ချပေးတဲ့ခုနှစ်အလိုက်တိုင်း အတွင်းရေးမှူးလက်မှတ်ကွာတယ်”ဟု ၎င်းက ရှင်းပြသည်။


မြေကွက်ဝယ်ယူလိုသူများအနေနှင့် ကာလပေါက်ဈေးအောက် လျော့နည်းနေပါက ကျွမ်းကျင်သူများနှင့်တိုင်ပင်၍ ဝယ်ယူသင့်ကြောင်း ဦးမျိုးမြင့်အောင်က ထပ်မံပြောကြားသည်။


“မြေစလစ်အတုဆိုတော့ မြန်မြန်ဝယ်အောင် ဈေးလျှော့ရောင်းကြတယ်”ဟု ၎င်းက ပြောဆိုသည်။


မြေစလစ်အတု လိမ်လည်ရောင်းချသောသူများသည် အစုအဖွဲ့တစ်ခုအနေဖြင့်ရှိနေပြီး စလစ်အတုကိုကိုင်ကာ မြေကွက်ခြံဝင်းခတ်ခြင်းကို အလျင်အမြန်ပြု လုပ်နေမှုများလည်းရှိနေကြောင်း အကျိုးဆောင်များထံမှ သိရသည်။


မြေစလစ်အတုရောင်းချနေမှုကို ယခင်ကထက် အစိုးရသစ်လက်ထက်တွင် ပိုမိုမြင်တွေ့နေရကြောင်း၊ မြေယာပြဿနာများနှင့် အစိုးရအပြောင်းအလဲကာလတွင် ပိုမိုအတင့်ရဲစွာဖြင့် လုပ်ဆောင်လာ ကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။


ယင်းသို့ မြေစလစ်အတုဈေးကွက် ဖြစ်ပေါ်နေသောကြောင့် မြေချထားမိန့် ရရှိထားပြီး မြေကွက်ပိုင်ဆိုင်ထားသူများကို ဝင်းခြံများခတ်ရန်နှင့် အဆောက်အအုံများ ဆောက်လုပ်ရန် မန္တလေးမြို့တော်စည်ပင်က အသိပေးထားသည်။


မြေဂရန်များရယူရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားရာ၌ မြေစလစ်အတုများပါဝင်နေသောကြောင့် တိုင်းအစိုးရအဖွဲ့က စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးနေပြီး မြေဂရန်ချထားမှုကို ရပ်ဆိုင်းထားသည်။


မြေစလစ်အတုများကို အများဆုံးတွေ့ရသည်မှာ ပြည်ကြီးတံခွန်မြို့နယ်ဖြစ်ပြီး ဒုတိယအများဆုံးတွေ့ရသောနေရာမှာ ချမ်းမြသာစည်မြို့နယ်၊ တတိယအများဆုံး တွေ့ရသောနေရာမှာ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်တို့ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။


Source : The Voice

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.