၁၅ နှစ် နှစ်ရှည်အိမ်ရာချေးငွေ CHID ဘဏ် စတင်ထုတ်ချေး

javascript

တစ်နိုင်ငံလုံးရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာဝယ်ယူမည့်သူများကို ၁၅ နှစ် သက်တမ်းရှိ အိမ်ရာချေးငွေများ စတင်ထုတ်ချေးထားပြီဖြစ်ကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဘဏ် (CHID) ထံမှ သိရသည်။


ယခင်က CHID ဘဏ်က အိမ်ရာဝယ်ယူလိုသည့် အများပြည်သူသို့ ၁၀ နှစ် သက်တမ်းရှိ အိမ်ရာချေးငွေများကိုသာ ထုတ်ချေးပေးခဲ့ပြီး ယခုအခါတွင် အစိုးရထံမှ နှစ်ရှည်ချေးငွေရရှိမည်ဖြစ်ခြင်းကြောင့် ၁၅ နှစ်သို့ထပ်တိုးကာ ချေးငွေများထုတ်ချေးနိုင်ခြင်းဖြစ်ကြောင်း အဆိုပါဘဏ်၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဌာန၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်မူက ပြောကြားသည်။


“အခု အစိုးရဆီက ချေးငွေကိုမယူသေးဘဲ ဘဏ်ရဲ့ငွေနဲ့ပဲ အိမ်ရာဝယ်ယူဖို့ တင်ပြလာတဲ့ ကျပ်ငါးဘီလီယံကျော်လောက်ကို ၁၅ နှစ်သက်တမ်းချေးငွေအဖြစ် စချေးပေးထားတယ်” ဟု ၎င်းက ဆိုသည်။


CHID ဘဏ်က ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ တည်ဆောက်လျက်ရှိသော တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ ဝယ်ယူလိုသူများကို ၁၅ နှစ်သက်တမ်းရှိ ချေးငွေများ ထုတ်ချေးပေးနိုင်ရန် အစိုးရထံမှ ကျပ် ၃၀ ဘီလီယံ ချေးယူမည်ဖြစ်သည်။


အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ၁၅ နှစ်သက်တမ်းရှိ ချေးငွေဖြစ်ခြင်း ကြောင့် ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းဝယ်ယူပါက ကနဦးပေးသွင်းငွေ ၂၀ ရာခိုင်နှုန်းပေးသွင်းပြီး တစ်လလျှင် ကျပ် ရှစ်သောင်းဝန်းကျင် ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကျပ်သိန်း ၂၀၀ ကျော်မှ သိန်း ၃၀၀ ဝန်းကျင်ရှိ တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းဝယ်ယူပါက ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး တစ်လလျှင် ကျပ်နှစ်သိန်းကျော် ပေးသွင်းရမည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။


လတ်တလောတွင် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးဘဏ် (CHID) က ရန်ကုန်နှင့် မန္တလေးမြို့တို့မှ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူမည့်သူ ၆၀၀ ကျော်ကို ချေးငွေထုတ်ပေးထားပြီး အိမ်ရာစုဆောင်းငွေစာရင်းဖွင့်သူပေါင်း ၁၆၀၀၀ ကျော်အထိ ရှိလာကြောင်း ယင်းဘဏ်၏ ယခင်ထုတ်ပြန်ထားသောစာရင်းအရ သိရသည်။


Source : The Voice

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.