ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်ဧရိယာ ဆောက်လုပ်ရေးလုပ်ငန်းများ ရှိ မရှိ ကွင်းဆင်းစစ်ဆေး

javascript

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဇုန်ဧရိယာနှင့် ကာကွယ်ထိန်းသိမ်းထားသည့် ဧရိယာများအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ရှိ မရှိ သိနိုင်ရန် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်တို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။


ရှေးဟောင်းဇုန်ဧရိယာနှင့် ကာကွယ်ထိန်းသိမ်းထားသည့် ဧရိယာများအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့ထိ ရပ်ဆိုင်းထားရန် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဩဂုတ်လလယ်ပိုင်းက စာထုတ်ထားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးခြင်းဖြစ်သည်။


“ကျွန်တော်တို့ကတော့ အကြောင်းကြားပေးတယ်။ ကြီးကြပ်တာကတော့ စည်ပင်သာယာရေး ကော်မတီကပေါ့။ ဒီလတစ်ရက်နေ့ကစပြီး လိုက်စစ်နေပါတယ်။ အဖွဲ့နှစ်ဖွဲ့ခွဲထားတယ်။ ပုဂံတစ်ဖွဲ့၊ ညောင်ဦးတစ်ဖွဲ့ ခွဲပြီးတော့ လုပ်နေပါတယ်။ တွေ့ခဲ့ရင်တော့ စည်ပင်သာယာဥပဒေနဲ့ အရေးယူမှာပါ”ဟု ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောကြားသည်။


ညွန်ကြားချက်ကို လိုက်နာခြင်းရှိ မရှိ သိရှိနိုင်ရန် စက်တင်ဘာ ၁ ရက်နေ့မှစ၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိအချိန်အထိ စည်းကမ်းလိုက်နာသည်ကို တွေ့ရကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာ ဦးအောင်မိုးသွင်က ပြောဆိုသည်။


“ကျွန်တော်တို့က စည်ပင်ဧရိယာလောက်ကိုပဲ စစ်ဆေးနိုင်တာပေါ့။ မြို့ဧရိယာအတွင်းမှာတော့ လိုက်နာကြပါတယ်”ဟု ၎င်းကရှင်းပြသည်။


ပုဂံရှေးဟောင်းနယ်မြေကို ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ရန် မြန်မာအစိုးရက ယူနက်စကိုသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းကပင် အဆိုပြုစာတွဲများ တင်ပြထားရာ အမွေအနှစ်နှင့်ယဉ်ကျေးမှုဒေသများဆိုင်ရာ နိုင်ငံတကာကောင်စီ (ICOMOS) ကလည်း ယခုလလယ်ပိုင်းအတွင်း လာရောက်အကဲဖြတ်ရန်ရှိနေသည်။


ICOMOS မှ တာဝန်ရှိသူများ လာစစ်မည့်အချိန်တိုက်ဆိုင်၍ တည်ဆောက်ရေးလုပ်ငန်းများ ရပ်နားထားရန်တားမြစ်ထားသော်လည်း ဟိုတယ်အချို့သည် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲပင်ဖြစ်သည်ဟု SAVE THE BAGAN အဖွဲ့ခေါင်းဆောင် ဦးမျိုးဆက်စံက ပြောကြားသည်။


“ပုဂံသံတဲဆောက်နေတယ်။ အချိန်ပိုလည်းဆင်းတယ်။ ဧဒင်ဆောက်နေတယ်။ မယုံဘူးဆိုတဲ့လူကို လက်ဆွဲပြီးတော့ ခေါ်ပြမှရတော့မယ်။ ပုဂံကို တကယ်ချစ်ရင်၊ ကမ္ဘာ့အမွေအနှစ် တကယ်ဝင်စေချင်ရင် ဒါတွေ လုံးဝကို ရပ်နားထားရမယ်။ ဒီလိုလုပ်နေတာကို သာသနာရေးဝန်ကြီးက တားမြစ်ဖို့လုပ်ရမှာ”ဟု ၎င်းကပြောဆိုသည်။


Source : The Voice

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.