မန္တလေးဝန်းကျင် အကွက်ရိုက်မြေအချို့ အရစ်ကျလျှော့စျေး ရောင်းချ

javascript

မန္တလေးမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေက အကွက်ရိုက်မြေအချို့ အခြေခံဝန်ထမ်းတွေ တတ်နိုင်လောက်တဲ့ တစ်လချင်းအရစ်ကျပေးသွင်းရတဲ့ပုံစံကို ပြောင်းလဲရောင်းလာကြတယ်လို့ သိရပါတယ်။ အရင်က လက်ငင်းစနစ်နဲ့ ရောင်းချနေရာကနေ အခုအခါ လျှော့စျေး အရစ်ကျစနစ်နဲ့ အရောင်းအဝယ် ပြုလာကြတယ်။


ပုသိမ်ကြီးမြို့နယ်ထဲက မြေကွက်အချို့မှာ (၃၀x၄၀)ပေ မြေတစ်ကွက်ကို ကျပ်သိန်း (၄၀)ဝန်းကျင်ခန့်နဲ့ အရောင်းသတ်မှတ်ကာ ပထမအရစ်ပေးချေရတဲ့ ငွေဟာ ကျပ် (၅)သိန်းဝန်းကျင်ခန့်နဲ့ တစ်လကို ကျပ် (၁)သိန်းမှ (၃)သိန်းနှုန်းခန့်နဲ့ ပေးသွင်းရတယ်လို့ မြေဝယ်လက် တစ်ဦးဆီက သိရပါတယ်။ တရားမဝင် ကွက်သစ်ရိုက် လုပ်ဆောင်နေမှုတွေအပေါ် အာဏာပိုင်တွေဘက်က တားဆီးမှုတွေ ပြုလုပ်နေပြီးနောက် အဆိုပါဒေသတွေရှိ မြေအရာင်းအဝယ်စျေးကွက် ရပ်တန့်သွားရုံသာမက အရောင်းအဝယ်ဖြစ်ပြီးသား မြေအချို့ပါ အရောင်းအဝယ်ပျက်လာပြီးနောက်မှာ အခုလိုပုံစံပြောင်းလဲရောင်းဝယ်လာတာ ဖြစ်ပါတယ်။ မန္တလေးမြို့နဲ့ အနီးပတ်ဝန်းကျင်ရှိ တန်ဖိုးနည်းရွာမြေ၊ လယ်ယာမြေတွေမှာ ဝယ်ယူရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းဟာ စီးပွားရေးအရ တွက်ခြေအကိုက်ဆုံးလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် ရင်းနှီးမြှုပ်နှံသူတွေ မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။


အထူးသဖြင့် မြို့နဲ့မနီးမဝေးမှာရှိတဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာဘက်တွေရှိ တန်ဖိုးနည်းရွာမြေ လယ်မြေတွေ စျေးကောင်းရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ သည်လိုရွာမြေတွေနဲ့ အကွက်ရိုက် မြေဝယ်လက်တွေထဲမှာ အများစုက အခြေခံလူလတ်တန်းစားတွေနဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ ဒေသခံအချို့ကို မေးမြန်းမှုတွေအရ သိရပါတယ်။


မြေစျေးနှုန်း အဆမတန်သက်သာတဲ့အပြင် မြို့နဲ့ မနီးမဝေးမှာရှိတာ၊ ဝယ်သူများပြားလာတာနဲ့အမျှ လူနေအကွက်အကွင်း ကောင်းမွန်လာတာ စတာတွေကြောင့် မန္တလေး ပုသိမ်ကြီးမြို့နယ်အတွင်းက မြေယာတွေကို ဝယ်လက်တွေ စိတ်ဝင်စားမှုမြင့်တက်လာနေပြီး အဆိုပါနေရာတွေဟာ မကြာသေးခင် လပိုင်းလောက်ကအထိ အရောင်းအဝယ် ကောင်းမွန်နေခဲ့ပါတယ်။


Source : The Kumudra


Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.