ဆောက်လုပ်ရေးအောက်ခြေလုပ်သား ရှားပါးနေဟုဆို

javascript

ဆောက်လုပ် ရေးလုပ်ငန်းတွေမှာ ပန်းရန်၊ လက်သမားနဲ့ သံချည်သံကွေးအလုပ်သမားတွေ ရှားပါးနေတာကြောင့် ငှားရမ်းဖို့ခက်ခဲနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ အချို့ဆီက သိရပါတယ်။


အောက်ခြေလူကြမ်းလို့ခေါ် တဲ့ ပန်းရန်လုပ်သား၊ လက်သမားလုပ်သားအကူဆိုလည်း နေ့စား တစ်ရက်ကို ကျပ် ၁ဝဝဝဝ ကနေ ၁၅ဝဝဝအထိ ပေးရပေမဲ့ လိုတဲ့ အရေအတွက်မရဘူးလို့ဆိုပါတယ်။


ငှားရမ်းလို့ရတဲ့အခါမှာလည်း ကျွမ်းကျင်လုပ်သားတွေရှားပါးတာ၊ အရင်ကထက် လုပ်အားခငွေတွေ ပိုပေးရပေမဲ့ လုပ်မယ့်သူတွေနည်းပါးနေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်ဦးကျော်မင်းက ပြောပါတယ်။


သူက“အခြေခံလုပ်သားတွေ က ပြည်ပကိုထွက်လုပ်ကြလို့လုပ် သားတွေရှားလာတယ်၊ ရှိတဲ့သူတွေကလဲ ဈေးကြီးလာတယ်၊ ကျွမ်းလဲမကျွမ်းကျင်ကြတော့ လက်ရှိတော့ ရှိတဲ့သူတွေနဲ့ လုပ်နေရတယ်”လို့ ပြောပါတယ်။ရန်ကုန်မြို့အပြင်နယ်တွေမှာပါ လုပ်သားရှားပါးမှုတွေကြုံနေရတာကြောင့် အချို့လုပ်ငန်းကြီး တွေလုပ်ကိုင်နေသူတွေဟာ တရုတ်နိုင်ငံကနေပါ ခေါ်ယူ ငှားရမ်းနေရတဲ့အထိ ဖြစ်နေရတယ် လို့ ဆိုပါတယ်။


သည်လိုအလုပ်သမားတွေကို ငှားရမ်းဖို့ခက်နေတာဟာ ဆောက်လုပ်ရေးကုမ္ဗဏီတွေကိုယ်တိုင် လုပ်ငန်းလုပ်ကိုင်ဖို့ ခက်ခဲတာ၊ ပရောဂျက်အကြီးကြီးတွေ ဆောက်လုပ်တဲ့ ကုမ္ဗဏီတွေသာ လုပ်ငန်းရှိ တော့တာနဲ့ သည်လိုကုမ္ဗဏီကြီး တွေက နိုင်ငံခြားသားအလုပ်သ မားတွေကိုသာ ပုတ်ပြတ်ငှားခဲ့တာ တွေနဲ့လည်းဆိုင်တယ်လို့ သုံးသပ်ကြပါတယ်။စိုပြေဆောက်လုပ်ရေးကုမ္ဗဏီလုပ်ငန်းစုက ဦးရဲထွဋ်က “အထူးသဖြင့် တရုတ်လုပ်သားတွေ ခေါ် သုံးတော့ အောက်ခြေအလုပ်သမား ဈေးကွက် က ပျောက်သလောက်ဖြစ်နေတယ်၊ နဂိုပန်းရန် လုပ်တဲ့ သူတွေကလဲ အခြားလုပ်ငန်းတွေကို ရေကြည်ရာ မြက်နုရာ ထွက်သွားကြ ရ တယ်၊ အဓိက ပြဿနာက ဒါပါပဲ”လို့ သူ့အမြင် ပြောပါတယ်။


အောက်ခြေအခြေခံလုပ်သားတွေဟာ လုပ်ငန်းမကျွမ်းကျင်မှုတွေ ကြောင့် ထိခိုက်ဒဏ်ရာရတာ တွေနဲ့ပါ ကြုံနေရတာလည်းရှိပါတယ်။ ကျွမ်းကျင်ပြီးသား တရုတ် လုပ်သားတွေကို မြန်မာလုပ်သား တွေထက် ဈေးနှုန်းနှစ်ဆကနေ သုံးဆလောက်ပိုပေးရပေမဲ့ အလုပ်ပိုပြီးမြန်တယ်လို့ ရန်ကုန်မြို့မှာ ကွန်ဒိုဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။


သူက“ပန်းရန်လုပ်တဲ့ အောက်ခြေလုပ်သားတစ်ယောက် ခေါ်ရတာမလွယ်ဘူး၊ တရုတ်လုပ်သားတွေ အလုပ်လုပ်တာ ပိုမြန်ပြီးကျွမ်းကျင်တော့ သူတို့ကိုပဲ ငှားနေရတာ ရှိတယ်”လို့ ပြောပါတယ်။


အလိုရှိသည်


ရန်ကုန်မြို့လူစည်ကားရာနေ ရာတွေမှာလည်း ပန်းရန်လုပ်သား၊ လက်သမားလုပ်သား၊ သံချည်သံကွေး လုပ်သား၊ ရေပိုက်ပြင်သူ၊ မီးရိုက်သူ၊ အလူမီနီယမ်လုပ်သား လုပ်ကိုင်သူတွေ အမြန်အလိုရှိတယ်ဆိုပြီး ကြော်ငြာထားတာ လည်းတွေ့နိုင်ပါတယ်။


တချို့အလုပ်သမားတွေကလည်း ဆောက်လုပ်ရေးကုမ္ဗဏီ တွေမှာ နေ့စားဝင်လုပ်တာထက် ရပ်ကွက်ထဲမှာ အသေးစားအိမ် ပြင်တာ၊ အိမ်သာ၊ ရေချိုးခန်း၊ နံရံ တွေ ဖာထေးတာ၊ ရေမြောင်းလုပ်တာတွေကို လုပ်နေရတာ ပိုပြီးတွက်ခြေကိုက်တာကြောင့် နေ့စား မလုပ်ကြတာလို့ ပြောပါတယ်။


“အလုပ်သွားဖို့ ကားခနုတ်၊ မနက်အစောကြီးသွားရတော့ နေ့လယ်ထမင်းစားဖို့၊ လက်ဖက်ရည်ဖိုး နုတ်ရင် ဘာမှမကျန်လို့ ရပ်ကွက်ထဲမှာပဲ ကြုံရာလုပ်လိုက်တာက ပိုကိုက်လို့ မလုပ်တာလဲ ရှိတယ်၊ တချို့ကလဲ ဆိုက်ကားနင်းတာတို့ ပြောင်းလုပ်ကြတာ” လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ ပန်းရန်လုပ်ကိုင်တဲ့ ကိုအကြီးကောင်က ပြောပါတယ်။


အခုမှ အလုပ်စလုပ်မယ့် လူငယ်တွေကလည်း ပန်းရန်အလုပ် တို့၊လက်သမားအလုပ်တို့၊ သံချည် သံကွေးအလုပ်တွေကို စပြီးလုပ်ရ မှာထက် သက်သာတဲ့ အွန်လိုင်း ရှော့ပင်း ပစ္စည်းပို့တာ၊ ကုမ္ဗဏီ တွေမှာ လုံခြုံရေးဝန်ထမ်းလုပ်တာ၊ ကြော်ငြာကုမ္ဗဏီတွေအတွက် ကြော်ငြာလိုက်ကပ်တာ၊ ဖုန်းဆိုင် တွေမှာ ဖုန်းအကူဝန်ထမ်းလုပ်တာတွေ လောက်သာ ပိုစိတ်ဝင်စားကြ တယ်လို့ ပြောပါတယ်။


ဆောက်လုပ်ရေးအခြေခံလုပ်သားတွေဟာ လုပ်ငန်းခွင်မကျွမ်းကျင်တာကြောင့် ထိခိုက်မှုအန္တ ရာယ်တွေနဲ့ ကြုံရမှာစိုးရိမ်တာ ကြောင့်လည်း သည်လုပ်ငန်းလုပ် ကိုင်သူတွေရှားလာတာနဲ့ ဆိုင်တယ်လို့ ပန်းရန်လုပ်သားအချို့က ပြောပါတယ်။


ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ ပန်းရန်ခေါင်းဆောင် ဦးဝင်းဌေးက “ခုက ဆောက်လိုက် ရင် တိုက်က အထပ်မြင့်ကြီးတွေ၊ လုံခြုံရေး၊ ကာကွယ်ရေးဝတ်စုံ တွေဝတ်ထားပေမဲ့ မကျွမ်းကျင် တော့ ထိခိုက်ဒဏ်ရာရတာတွေ လဲရှိနေတာပဲ၊ ပြုတ်ကျလို့ကတော့ ဘဝဆုံးပြီပဲ၊ လျော်ကြေးရတာ နောက်မှ၊မိသားစုတွေဒုက္ခရောက်ရလို့ မလုပ်ကြတာလဲ ရှိတယ်”လို့ ပြောပါ တယ်။


လက်ရှိအချိန်မှာ တစ်နိုင်ငံလုံး က ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာလုပ်ကိုင်နေတဲ့ အလုပ်သမား တွေလုပ်ငန်းခွင်မတော်တဆဖြစ် ပွားမှုအခြေအနေတွေကို စစ်တမ်း ကောက်ယူနေပါတယ်။


စစ်တမ်းကောက်ယူတဲ့နေရာမှာ အဆင့်သုံးဆင့်ခွဲဲပြီး အသေးစားထိခိုက်မှု၊ ပြင်းထန်မှုတွေနဲ့ ကောက်ယူနေတာဖြစ်ပြီး လက်ရှိအချိန်မှာ စစ်တမ်းကောက်ယူမှု အခြေအနေ ၁၅ ရာခိုင်နှုန်း ပြီးစီး နေပြီလို့ ဆိုပါတယ်။


မိသားစုများတဲ့ ဆောက်လုပ်ရေး ပန်းရန် နေ့စားအလုပ်သမားအချို့ ကတော့ ပင်ပန်းပေမဲ့လည်း သည်အလုပ်ကို ဆက်လက်လုပ် နေကြတာဟာ ကုမ္ဗဏီအချို့က အလုပ်နားချိန်မှာ ထောက်ပံ့တာ မျိုးနဲ့အခြားအလုပ်ကသည်ထက် ဝင်ငွေနည်းနေတာကြောင့် ကြိတ် မှိတ်ပြီးလုပ်နေရသူတွေလည်း ရှိပါတယ်။


ပန်းရန်လုပ်သားအများစုကတော့ သူတို့ရဲ့သားတွေကို သည် အလုပ်မျိုးမလုပ်စေချင်တာ ကြောင့် လုပ်ငန်းခွင်ထဲခေါ်မသွင်းဘဲ ဆိုင်ကယ်ကယ်ရီဆွဲတာ၊ ကုမ္ဗဏီတွေမှာ အရောင်းဝန်ထမ်း လုပ်ခိုင်းတာတွေလည်း ရှိနေတယ် လို့ သိရပါတယ်။


“ဆယ်တန်းအောင်တဲ့သူတွေတောင် ကုမ္ဗဏီတွေမှာလစာတစ် သိန်းခွဲလောက်ရဖို့ လွယ်တာ မဟုတ်ဘူး၊ ဒီပန်းရန်အလုပ်က နေ့ စား ၁၀,ဝဝဝ ဆိုတာတောင် တစ်လ သုံးသိန်းရတယ်၊ အချိန်ပိုဆက်ဆင်းရရင်လဲ နေ့တစ်ဝက်ခရပေမဲ့ နောက်ကလေးတွေက ဒီအလုပ် ကို မလုပ်ချင်ကြဘူး၊ ဒါကြောင့် လုပ်သားရှားနေရတာလဲပါတယ်” လို့ တောင်ဒဂုံမှာနေထိုင်တဲ့ ပန်းရန်လုပ်သား ဦးစိုးဝင်းက ပြောပါ တယ်။


ဘယ်သူတွေလဲ


လေဆိပ်တွေထဲမှာ ခရီးသွား ဧည့်သည်ပုံစံမဟုတ် ၊ စီးပွားရေး လုပ်ငန်းရှင်/မန်နေဂျာပုံစံမဟုတ် တဲ့ နိုင်ငံခြားသားအလုပ်သမား တွေ အထူးသဖြင့် တရုတ် အလုပ် သမားတွေကို အများကြီးတွေ့နေ ရတယ်လို့ ခရီးသွားလာသူတွေ က သူတို့တွေ့မြင်ရတာကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေကြတာ လည်းရှိပါတယ်။


တရုတ်အလုပ်သမားတွေ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်လာတာဟာ အလုပ်အ ကိုင်အခွင့်အလမ်းကို လုယူနေတယ်ဆိုပြီး ပြောဆိုနေကြပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တော့ ပန်းရန်လုပ်သားအဖွဲ့၊ လက်သမားလုပ်သားအဖွဲ့တွေကို ပြည်တွင်းမှာ ရှာဖွေဖို့ ရှားပါးနေတာ ကြောင့် အသုံးပြုနေရတာလို့ ဆောက်လုပ်ရေးလုပ်ကိုင်တဲ့ ကန် ထရိုက်တာအချို့က ဆိုပါတယ်။


စိုပြေဆောက်လုပ်ရေးကုမ္ဗဏီလုပ်ငန်းစုကဦးရဲထွဋ်က အထူးသ ဖြင့် တရုတ်လုပ်သားတွေခေါ်သုံး တော့“ ကျွန်တော်တို့ကိုယ်တိုင် အရင်က အထပ်မြင့်တွေ ဆောက်တယ်၊ အဲဒီတော့ လှိုင်သာယာတို့ ရွှေပြည်သာတို့ဘက်က အလုပ်သမားခေါင်းကိုပြောလိုက်ရင် လူ တန်းရတယ်၊ ခုကျွန်တော်တို့ကိုယ်တိုင်အလုပ်တွေမရှိတော့ သူတို့ကလဲ ရေကြည်ရာမြက်နုရာကို သွားရတာပေါ့၊ အချို့ဆို မှော်ထဲတွေ ရောက်ကုန်တယ်၊တချို့နိုင်ငံခြား ထွက်ပြီးလုပ်ကြတော့ ပြည်တွင်း မှာ ဒီလိုလုပ်သားတွေရှားနေတာတော့ အမှန်ပဲ”လို့ ပြောပါတယ်။


ရန်ကုန်တိုင်းအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေရဲ့ထိခိုက်မှုက ၄၀ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ သိရပါတယ်။


ဆောက်လုပ်ရေးကုမ္ဗဏီတွေ လိုက်နာဖို့ကိုလည်း တင်းတင်းကျပ်ကျပ်လုပ်ထားတဲ့ ကုမ္ဗဏီတွေရှိပြီး အများအားဖြင့် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးလုပ်နေတဲ့ ကုမ္ဗဏီ တွေက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့ မဖြစ်မနေလုပ်ရတယ် လို့ နာမည်ကြီးဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေက ပြော ပါတယ်။


သည်လိုစည်းကမ်းမလိုက်နာကြတာတွေက ကုမ္ဗဏီအသေးလေးတွေနဲ့ သည်ကုမ္ဗဏီတွေကနေ ထပ်ခွဲထားတဲ့ ဆောက်လုပ်ရေးအဖွဲ့သေးသေးလေးတွေက အလုပ်သမားတွေကို ပညာမပေး နိုင်ကြတာကြောင့် သူတို့ကိုယ်တိုင်လဲ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာအားနည်း နေတာတွေရှိနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့က ဆိုပါ တယ်။


အလုပ်သမားတွေအနေနဲ့လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ကျွမ်းကျင်အသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက် သင်တန်းတွေတက်ရာမှာ အခက်အခဲတွေနဲ့ ကြုံနေရတာလည်း ရှိတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က သိရပါ တယ်။


အခြေအနေအရသင်တန်းတက်နေရတဲ့ ရက်တွေမှာ ဝင်ငွေမရရှိတာကြောင့် မိသားစုစားဝတ်နေရေးအခြေအနေအရ မတက်တာတွေလည်း ရှိ ပါတယ်။ အချို့ကတော့ ပညာအရည်အချင်းအားနည်းလို့ မလိုက်နိုင်တာတွေကြောင့် မတက်ဘဲနေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။


သည်သင်တန်းဆင်းလက်မှတ်ရရှိထားသူတွေကိုလည်း လုပ်ငန်းရှင်တွေက လုပ်ခလစာပိုပေး ပြီး ဦးစားပေးမှသာသင်တန်းတက် ရောက်သူတွေများလာနိုင်တယ်လို့ အလုပ်သမားအချို့က ပြောပါ တယ်။


ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ဗဏီကြီးအချို့ကလည်း ကျွမ်းကျင်လုပ်သားတွေကို အရင်ကထက် လုပ်ခလစာပိုပေး ပြီး ငှားရမ်းကြပေမဲ့ ကျွမ်းကျင်မှုထက် ပိုတောင်းတာတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။


တချို့ကုမ္ဗဏီတွေက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဝတ်စုံတွေဝတ်ဖို့သတ်မှတ်ထားပေမဲ့ အချို့လုပ်သားတွေဟာ သည်ဝတ်စုံတွေဝတ်ဆင်ရင် အလုပ်မလုပ်တတ်တာတွေ၊ အမြင့်တက်တဲ့နေရာမှာလည်း ခါးပတ် ကြိုးတွေတပ်ဆင်ဖို့မသိတာတွေလည်းရှိနေတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် က ဥက္ကဋ္ဌဦးမင်းမင်းလတ်က ရှင်းပြတယ်။


သူက “သံချည်သံကွေးလုပ် မယ်၊တူကိုင်မယ်ဆိုရင်လက်အိတ် နဲ့ လုပ်ရင် အားမရဘူး၊အလေ့အ ကျင့်မရှိတာလဲပါတယ်၊အားနည်းချက်တွေက အများကြီးပါ၊ အလုပ်ရှင် တွေတင်မဟုတ်ဘူး၊အလုပ်သမားတွေ ရော၊ အလုပ်ရှင်ရော ပြောင်းလဲရမယ့်သဘောပါ၊ အချို့ နေရာမှာ အလုပ်သမားက ဝတ်ချင်တယ်၊ အလုပ်ရှင်ကမပေးတာ တွေရှိတယ်၊ ကုန်ကျစရိတ်ပေါ့၊ ဒါတွေလုပ်ရင် များတယ်ဆိုပြီး မပေးတာတွေလဲရှိတယ်˘လို့ ပြော ပါတယ်။


လက်ရှိဆောက်လုပ်ရေးလုပ်ငန်းအပါအဝင်အခြားလုပ်ငန်းတွေမှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ကျွမ်းကျင်အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ သင်တန်းသား ရဝဝဝ ကျော်ရှိနေပြီလို့ သိရပါတယ်။


ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာတင်ဝင်း ကတော့ နိုင်ငံတွင်းမှာ ရှိနေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေ ကျွမ်းကျင်မှုမရှိသေးတာကြောင့် အိမ်နီးချင်းတရုတ်နိုင်ငံက ကျွမ်း ကျင်အလုပ်သမားတွေကို ခေါ်ယူ နေရဦးမှာပဲလို့ သုံးသပ်ပါတယ်။


သူက“ကျွမ်းကျင်သူကလဲမရှိ၊ ခေါ်လို့ရတဲ့သူတွေကလဲ မကျွမ်းကျင်၊ ပေးတဲ့ဈေးနဲ့မလုပ်ချင်ကြတော့ ဈေးကွက်ပျက်တော့မှာပေါ့၊ အလုပ်သမားကအစ ပြည်ပက ခေါ်နေရရင် တိုင်းပြည်အတွက် ဘယ်လို လုပ်အခြေအနေကောင်းတော့မှာ လဲ”လို့ ပြောပါတယ်။


ဆောက်လုပ်ရေးအလုပ်သမားတိုင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ကျွမ်းကျင် အသိအမှတ်ပြုလက်မှတ်ရရှိရေး အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းအ တွင်း ရေမှူး ဦးအေးလင်းက “လုပ်ငန်းခွင် မတော်တဆဖြစ်မှုတွေကို အသင်းအနေနဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ အသင်းတွေအကုန်ရှိနေပေမဲ့ တချို့ ပြဿနာဖြစ်မှသာ မဖြေရှင်းပေးနိုင်မှသာ လိုက်လာကြ တာ၊ တချို့ တော်ရုံတန်ရုံမတော်တဆထိခိုက်မှုတွေကို ကုမ္ဗဏီတွေက မိသားစုနဲ့ တိုင်ပင် ပြီး ဖြေရှင်းလိုက်တာရှိတယ်”လို့ ပြောပါတယ်။


Source : The Kumudra


Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.