ပဲခူးရှိ တရားမဝင် အုတ်သဲကျောက်လုပ်ငန်းများ ဇန်နဝါရီလ ဒုတိယပတ်နောက်ဆုံးထား၍ လိုင်စင်လျှောက်ရန် ညွှန်ကြား

javascript

ပဲခူးတိုင်းအတွင်း လိုင်စင်မရှိဘဲ တရားမဝင်လုပ်ကိုင်နေကြသည့် အုတ်၊ သဲ၊ ကျောက် ထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် ဇန်နဝါရီလ ၁၁ ရက်နေ့နောက်ဆုံးထား၍ လုပ်ငန်းလိုင်စင်များ လာရောက် လျှောက်ထားရန် ယင်းတိုင်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်လှလှဝင်းက ပြောကြားသည်။


“အခုမြို့နယ်ပေါင်း ၂၈ မြို့နယ်လုံးကို ကော်မတီတာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးပေးနေတယ်။ လုပ်ငန်းလိုင်စင် အရေတွက်ကလည်း အတိအကျပြောမရသေးဘူး။ ခက်တာက လိုင်စင်တင်ထားကြပေမယ့် အန်တီတို့ကော်မတီက ကွင်းဆင်းစစ်ဆေးဖို့ လူအင်အားနည်းတာလည်းပါတယ်။ အခုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ နောက်ဆုံးထား တင်ပြလျှောက်ထားဖို့ ညွန်ကြားထားတယ်”ဟု ရွှေကျင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ၎င်းက ပြောဆိုသည်။


ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များတွင် အုတ်သဲကျောက်ထုတ်လုပ်နေသူများအနက် လုပ်ငန်းလိုင်စင်မလျှောက်ဘဲ တရားမဝင်လုပ်ကိုင်နေပါက ယခုဘဏ္ဍာနှစ်မှစတင်ပြီး ဒဏ်ကြေးငွေသုံးဆအထိ တိုးမြှင့်ပေးဆောင် ခိုင်းသွားမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောကြားသည်။


“အခုဖြစ်နေတာက တရားဝင်က ၁၀ ခုလောက်ဆို တရားမဝင်လုပ်ငန်းက ရာနဲ့ချီပြီး ရှိနေတာပါ။ လိုင်စင်လျှောက်ပြီး သတ်မှတ်တာထက် ပိုထုတ်ရင် ဒါမှမဟုတ်လိုင်စင်မရှိရင် သတ်မှတ်ထားတဲ့ သဲတစ်ကျင်း အုတ်တစ်လုံးအခွန်ကို သုံးဆတိုးမြင့်ပေးရပါမယ်”ဟု ၎င်းက ပြောကြားသည်။


ဒဏ်ကြေးကို သတ်မှတ်အခွန်နှုန်းထားပေါ်မှ မူတည်၍ အခွန်အပေါ်မှ သုံးဆတိုး၍ ပေးဆောင်ရမည်ဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။


တိုင်းအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပဲခူးတိုင်းအတွင်း တရားမဝင် အုတ်သဲကျောက် ထုတ်လုပ်ရေးလုပ်ငန်းများ ရာနှင့်ချီ၍ ရှိနိုင်သည်ဟု ဆိုသော်လည်း လုပ်ငန်းရှင်အချို့ကမူ ထောင်နှင့်ချီ၍ ရှိနေနိုင်သည်ဟု ဆိုသည်။


ယခင်က အုတ်သဲကျောက် ထုတ်လုပ်ရေးလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအချို့ ပေါင်းစပ်ပြီး လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် အုတ်သဲထုတ်ယူမည့်နေရာနှင့် အနီးဆုံးကျေးရွာများမှ မြေယာစီမံခန့်ခွဲမှုကော်မတီများ၏ သဘောတူညီချက်နှင့် လုပ်ငန်းအနီးနေထိုင်သူ ပြည်သူများ၏ ထောက်ခံချက်ရယူမည်ပြီးမှ လုပ်ကိုင်ခွင့်ပြုရန် ပဲခူးတိုင်းအစိုးရအဖွဲ့က ညွန်ကြားထားသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။


Source : The Voice

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.