မိုးကုတ်မြို့တွင် နိုင်ငံခြားသားခရီးသွားလည်ပတ်ရန် ကျေးရွာသုံးရွာတိုးချဲ့ခွင့်ပြု

javascript

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့တွင် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများ၏ တောင်းဆိုမှုများကြောင့် ကျေးရွာသုံးရွာကိုသွားရောက်လည်ပတ်နိုင်ရန် တိုးချဲ့သတ်မှတ်ထားကြောင်းတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ သိရသည်။


မိုးကုတ်မြို့ကို နိုင်ငံခြားသားခရီးသွားများလည်ပတ်ရန် မြို့တွင်း၊ မြို့ပေါ်သာခွင့်ပြု ထားရာမှ ကျောက်ပြသာဒ်၊ ပန်လင်၊ ဘားနဒ် ကျေးရွာသုံးရွာကိုယခုလမှ စတင် တိုးချဲ့ခွင့်ပြုပေးခြင်းဖြစ်ကြောင်းတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းယုက ပြောသည်။


မိုးကုတ်မြို့ကိုသတ်မှတ်ထားသည့် မန္တလေး၊ မတ္တရာ၊ စဉ်ကူး၊ မိုးကုတ်လမ်းဟောင်း မှ တစ်ဆင့် သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။


“ မိုးကုတ်ဒေသမှာ ခရီးသွားတွေရဲ့ တောင်းဆိုချက်တွေလည်းရှိလာတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာတွေ စဉ်းစားရလည်းဆိုရင် လွယ်ကူချောမွေ့ရေးအပိုင်းကိုစဉ်းစားရတယ်။ နောက်လုံခြုံရေးကိုလည်းစဉ်းစားရတယ်။ ဒါတွေကိုပေါင်းစပ်ညှိနှိုင်းပြီးမှခွင့်ပြုပေးတာဖြစ်တယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ လူတွေအားလုံးနဲ့ပူးပေါင်းပြီးခရီးစဉ် အသစ်တွေ ထပ်မံတိုးချဲ့သွားဖို့လည်းရှိတယ် ”ဟု ဦးဆန်းယုက ပြောသည်။


နယ်မြေလုံခြုံရေး အပါအဝင် အခြားကိစ္စရပ်များကြောင့် မြေမိုးကုတ်မြို့သို့ နိုင်ငံခြားသားလည်ပတ်ခွင့်ကို ၁၉၉၆ ခုနှစ်နောက်ပိုင်းမှ စတင်ပြီး ပိတ်လိုက်၊ ဖွင့်လိုက်ဖြင့် ဆောင်ရွက်ခဲ့သည်။


၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး ပြန်လည် ဖွင့်ပေးထားခြင်းဖြစ်သည်။ သို့သော်လည်း သွားရောက်လည်ပတ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ ခွင့်ပြုချက်ရယူပြီး မိုးကုတ်မြို့သို့ သွားရောက် လည်ပတ်နိုင်မည်ဖြစ်သည်။


မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဖွင့်ပေးပြီးနောက်ပိုင်းတစ်လလျှင် အယောက် ၄၀ ခန့်လာရောက်ခဲ့ပြီး လက်ရှိတွင် တစ်လလျှင် လူရဝဝခန့်လာရောက်လည်ပတ်လျက်ရှိသည်။


အာဆီယံနိုင်ငံများအပါအဝင် အနောက်နိုင်ငံများမှ ခရီးသွားများလည်းလာရောက်လည်ပတ်လျက်ရှိကြောင်း ဦးဆန်းယုက ပြောသည်။


တိုးချဲ့ခွင့်ပြုထားသည့် ကျေးရွာသုံးရွာတွင် ဒုတိယကမ္ဘာစစ်အတွင်းက အထက်ဗမာပြည်ကို ဗြိတိသျှ ကိုလိုနီတို့ သိမ်းပိုက်ပြီးနောက် တည်ရှိလာခဲ့သည့် ဗြိတိသျှ စစ်သင်္ချိုင်းနှင့် ယမ်းတိုက်ဟောင်းများတည်ရှိသည့် ဘားနဒ်ကျေးရွာ ပါဝင်ခဲ့သည်။ ကျန်ကျေးရွာများတွင်လည်း မတူညီသည့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့များနှင့် တောတောင်သဘာဝ ရူခင်းများက နိုင်ငံခြားသားခရီးသွားများကိုဆွဲဆောင်နိုင်မည် ဖြစ်သည်။


“ နိုင်ငံခြားသားတည်းခိုနိုင်မယ့် ဟိုတယ်တွေ ပေါ်ပေါက်လာဖို့လည်းသက်ဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ဖို့ရှိတယ် ” ဟုဦးဆန်းယုက ပြောသည်။


တိုင်းဒေသကြီးအစိုးရ၏ ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များအရမိုးကုတ်မြို့တွင် ပုဂ္ဂလိကပိုင် ဟိုတယ် သုံးလုံး၊ မိုတယ်တစ် လုံးရှိပြီးအခန်းပေါင်း ၁ဝဝ ကျော်ခန့်ရှိသည်။


“ နိုင်ငံခြားသားလည်ပတ်ခွင့် ပြုလိုက်တော့ ဘာပဲဖြစ်ဖြစ် မြို့ရဲ အရောင်းအဝယ် လေးတွေ ကောင်းတာပေါ့။ နိုင်ငံခြားသားတွေက ထပွဲ (ကျောက်မျက်ရတနာရောင်းချသည့် ဈေးငယ်) ကိုလည်းသွားလည်ပတ်တာတွေ မြင်ရတယ်။ ခရီးတိုးချဲ့တော့ သူတို့အတွက် ပိုကောင်းတာပေါ့။ အဲဒီနေရာတွေကလည်း သဘာဝက တော်တော်ကိုလှတယ် ” ဟုမိုးကုတ်မြို့ ဒေသခံဦးမြင့်အောင်က ပြောသည်။


Source : The Myanmar Times

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: No. (B/404), Min Dhama Luxury Condominium, Min Dhama Road, Mayangone Township, Yangon, Myanmar.