နေပြည်တော်နှင့် မန္တလေးတွင် ခရီးသွားဘဏ်များ ယခုလအတွင်း ဖွင့်မည်

javascript

ခရီးသွား လုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များစုပေါင်း၍ အများပိုင်ကုမ္ပဏီစနစ်ဖြင့် တည်ထောင်ထားသော မြန်မာ့ခရီးသွားဘဏ်ကို နေပြည်တော် နှင့် မန္တလေး မြို့များတွင် ယခုလအတွင်း ဖွင့်လှစ်သွားမည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက မြန်မာတိုင်း(မ်)သို့ ပြောသည်။


ထို့ပြင် မူဆယ်နှင့် မြဝတီမြို့ များတွင်လည်း ဆက်လက်ဖွင့်လှစ်ရန်ရှိပြီး ယခုနှစ်အတွင်း ဘဏ်ခွဲ ၁၀ ခုအထိ ဖွင့်လှစ်မည်ဟု ၎င်းက ပြောသည်။ မြန်မာ့ခရီးသွားဘဏ် ရန်ကုန်ရုံးချုပ်နှင့် ဘဏ်ခွဲကိုမှု ယခုလ ၆ ရက်က ပြည်လမ်းတွင် ဖွင့်လှစ်ခဲ့သည်။


"ရုံးချုပ်နဲ့ ရန်ကုန်ဘဏ်ခွဲတွေ ဖွင့်ပြီဆိုတော့လုပ်ငန်းတွေက ဆောင်ရွက်နေပါပြီ။ အဓိက ခရီးသွား လုပ်ငန်းမှာရှိတဲ့SME ကဏ္ဍကို ဦးစားပေး ဆောင်ရွက်မှာ ဖြစ်တဲ့အတွက်Tourism SME ကုမ္ပဏီတွေကို အများကြီး ဆောင်ရွက်ပေးဖို့ရှိပါတယ်"ဟု ၎င်းက ပြောသည်။


မြန်မာခရီးသွားဘဏ်ကို ယခုလ ၆ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်လမ်းတွင် စတင် ဖွင့်လှစ်ခဲ့သည်။


မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် အထောက်အကူပြုရန် ဗဟိုဘဏ်စည်းမျဉ်းများနှင့်အညီ မြန်မာ့ခရီးသွားဘဏ်မှ အတိုးနှုန်းသက်သာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်စီစဉ်ထားကြောင်း ဦးရန်ဝင်းက ဆိုသည်။


ဗဟိုဘဏ်၏ သတ်မှတ်ချက်အရ ဘဏ်များအနေဖြင့် အပေါင်ပစ္စည်းမပါဘဲ ချေးယူပါက အတိုးနှုန်း ၁၆ ရာခိုင်နှုန်းနှင့် အပေါင်ပစ္စည်းဖြင့် ချေးယူပါက ၁၃ ရာခိုင်နှုန်းဖြင့် ချေးယူရမည် ဖြစ်သည်။


မြန်မာခရီးသွားဘဏ်သည် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ကဏ္ဍများသို့ ချေးငွေပေးရာတွင် ချေးငွေယူမည့် ကုမ္ပဏီ၏ လုပ်ငန်းအသုံးချသည့် ကဏ္ဍအပေါ် မူတည်၍ ပမာဏကိုသတ်မှတ်သွားမည် ဖြစ်ကြောင်း အဆိုပါဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစောဘိုဘိုက ဆိုသည်။


"ကျွန်တော်တို့ဘဏ်က ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့လုပ်ငန်းတိုင်းကို နားလည်တဲ့အတွက် လုပ်ငန်းနဲ့ ကိုက်ညီတဲ့ ချေးငွေတွေကိုချေးသွားမယ်။ ငွေချေးရုံတင် မကဘဲ ဒီလုပ်ငန်းကို တိုးတက်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး ထိရောက်တဲ့ ချေးငွေတွေ ဖြစ်အောင် လုပ်သွားမှာပါ"ဟု ၎င်းက ပြောသည်။


ခရီးသွားလုပ်ငန်းများနှင့် သက်ဆိုင်သည့် လုပ်ငန်းများအတွက် သာမက ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များအတွက်လည်း ချေးငွေများ ဆောင်ရွက်မည်ဖြစ်ပြီးမြန်မာနိုင်ငံနှင့် ခရီးသွားလာမှုများ ရှိသည့် ပြည်ပခရီးစဉ်နိုင်ငံများ၏ အွန်လိုင်းငွေကြေးစနစ်များလည်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ဦးစောဘိုဘိုက ဆက်လက်ရှင်းပြသည်။


မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းအေဂျင်စီပေါင်း ၂ရဝဝ ကျော် ရှိသည့်အနက် အများစုသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်သဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ငွေကြေးအထောက်အပံ့များ ရရှိရန်လိုအပ်နေကြောင်း ခရီးသွားလုပ်ငန်းရှင်များ ကဆိုသည်။


"အဓိကက ခရီးသွားဘဏ်ဖွင့်ရင် တကယ့်ကို SME အဆင့်ရှိတဲ့ ခရီးသွားကုမ္ပဏီတွေ ချေးငွေရဖို့ အရေးကြီးပါတယ်။ သက်ဆိုင်ရာအဖွဲ့နဲ့ နီးစပ်ရာ သူတွေပဲ ချေးငွေရရင်တော့ အဆင်မပြေနိုင်ဘူး။ တကယ် အလုပ်လုပ်နေတဲ့ တိုးကုမ္ပဏီတွေကို ငွေချေးနိုင်ရင် ပိုအဆင်ပြေမယ်"ဟု ခရီးသွားလုပ်ငန်းရှင်ဖြစ်သူ ဦးသန်းနိုင်က ဆိုသည်။


မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ယခုနှစ်အတွင်း ဘဏ်ခွဲ ၁၀ ခုကို ဖွင့်လှစ်ရန်စီစဉ်ထားပြီး ပထမဦးကာလ စတင်၍ ငွေကြေးအပ်နှံသူများကို ဘဏ်အတိုးနှုန်း ပိုမိုပေးမည်ဖြစ်ကြောင်း ဦးရန်ဝင်းက ပြောသည်။


Source: The Myanmar Times

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.