ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

javascript

ဒီတစ်ပတ်မှာတော့ သွားရလာရလွယ်ကူတဲ့အပြင် အချက် အချာကျတဲ့နေရာကို ကြိုက်နှစ်သက်ပြီး အခန်းကျယ် ကျယ်မှာမှ နေချင်သူတွေအတွက် ကွန်ဒိုအခန်းတစ်ခန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီကွန်ဒိုလေးကတော့ လမ်းမတော်လမ်းနဲ့ ကမ်းနား ထောင့်မှာတည်ရှိတဲ့Riverside ကွန်ဒိုပဲဖြစ်ပါတယ်။ လမ်းမတော်မြို့နယ်အတွင်းမှာတည်ရှိပြီး ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခုလည်းဖြစ်လို့ သွားလာဆက်သွယ်ရေးကို တော့ စိတ်ပူစရာမလိုပါဘူး။


ပေ ၂၀ _ ပေ ၁ဝဝ ကျယ်ဝန်းတဲ့ ဒီအိမ်ခန်းမှာတော့ အိပ်ခန်းနှစ်ခန်းပါဝင်ပြီး အိပ်ခန်းတွေကို ကျယ်ကျယ် ဝန်းဝန်းဖွဲ့စည်းပေးထားတာကို တွေ့ရပါတယ်။ အိမ်ထဲ မှာလည်း ပရိဘောဂပစ္စည်းကောင်းတွေကို အသုံးပြုပေး ထားတာကိုလည်း တွေ့ရပါတယ်။


ဒီအိမ်ရဲ့ စိတ်ကျေနပ်စရာကောင်းတဲ့ အချက်တစ်ခု ကတော့ အိမ်ခန်းရဲ့ ရှေ့မျက်နှာစာတစ်ခုလုံးကို မှန်နဲ့အပြည့်ကာရံထားတာပဲဖြစ်ပြီး ကန့်လန့်ကာကို ဖွင့်လိုက် တာနဲ့ ပြင်ပအလင်းရောင်ကို ကောင်းစွာခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

အိမ်ရဲ့အနောက်ဘက်မှာတော့ ကျယ်ဝန်းတဲ့ မီးဖိုခန်း အပြင် စတိုခန်းအဖြစ် အသုံးပြုနိုင်တဲ့ အခန်းငယ်လေး တစ်ခန်းကိုလည်း တွဲဘက်ဖွဲ့စည်းပေးထားတာကို တွေ့ရ ပါတယ်။ စတိုခန်းရဲ့ အနောက်ဘက်နံရံကို အိမ်ရှေ့နံရံ တွေလိုပဲ မှန်နဲ့ ကာရံပေးထားတာကိုလည်း တွေ့ရပါတယ်။


ဒါ့ပြင် ရေချိုးခန်းနဲ့ အိမ်သာကို အခန်းတစ်ခုအဖြစ် သီးသန့်ဖွဲ့စည်းပေးထားတဲ့အတွက် ဧည့်သည်တွေလာတဲ့ အခါ အိပ်ခန်းကို ဖြတ်သန်းသွားစရာမလိုတော့ပါဘူး။ လမ်းမတန်းမှာတည်ရှိပြီး စည်ကားတဲ့နေရာမှာဖြစ်တာ ကြောင့် ယာဉ်ကြောကျပ်တည်းမှုနဲ့ ကားသံဆူညံမှုတွေကို တော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အချိန်မရွေးသွားလာရလွယ်ကူပြီး ဘာပဲလိုလို နီးစပ်ရာမှာ လိုသမျှရနိုင်မယ့် နေရာ ကို ရှာနေတယ်ဆိုရင်တော့ ဒီအိမ်လေးကို သွားရောက် ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်။


မကြာခင်မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတဲ့ ကမ်းနားလမ်း ညဈေးကလည်း ကွန်ဒိုနဲ့ မျက်နှာချင်းဆိုင်မှာရှိတာ ကြောင့် ညဘက် အပြင်းပြေလမ်းလျှောက်ချင်တဲ့သူတွေ၊ သန်းခေါင်ကျော်မှ ဗိုက်ဆာတတ်သူတွေအတွက် အဆင်ပြေစေမှာပါ။


ဒီအိမ်ကို ငှားရမ်းမယ်ဆိုရင်တော့ တစ်လကို ငှားရမ်းခ ငွေကျပ် ၁၈ သိန်း ကျသင့်မှာဖြစ်ပြီး ဈေးနှုန်း အလျှော့ အတင်း ညှိနှိုင်းနိုင်တယ်လို့ သိရပါတယ်။ ဒါ့ပြင် အိမ်သုံးပရိဘောဂတွေကိုလည်း အပြည့်စုံထားရှိပေးမှာဖြစ် ပါတယ်။


အိမ်တည်ရှိရာ လမ်းမတော်မြို့နယ်ဟာ ရန်ကုန်မြို့တွင်း အချက်အချာကျတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး အထင်ကရ စားသောက်ဆိုင်၊ ကျောင်း၊ ဆေးရုံ၊ ရှော့ပင်းမောနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ အများအပြားတည်ရှိတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။


ဂျန်းရှင်းမော်တင်၊ ရန်ကုန်ဆေးရုံကြီး၊ ရွှေလမင်းဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ကမ်းနားလမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ သူနာပြုတက္ကသိုလ် စတာတွေကလည်း အိမ်ရဲ့အနီးတစ်ဝိုက်မှာတည်ရှိပါတယ်။


လမ်းမတော်မြို့နယ်ဟာ လက်ရှိမှာ ဒလမြို့နယ်နဲ့ ရန်ကုန်မြို့ထဲကို ဆက်သွယ်သွားလာနိုင်မယ့် ဒလတံတား သစ်ကြီး တည်ဆောက်နေတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။


လမ်းမတော်မြို့နယ်အတွင်းမှာ တစ်လငှားရမ်းခ အမေရိကန်ဒေါ်လာ ၁ဝဝဝ ဝန်းကျင်ရှိတဲ့ ကွန်ဒိုတွေ အငှားအများဆုံးဖြစ်ပြီး ဒေါ်လာ ၅ဝဝ ပတ်ဝန်းကျင်ရှိတဲ့ ရိုးရိုးတိုက်ခန်းတွေကတော့ ဒုတိယငှားရမ်းမှုအများဆုံး ဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။


ညနေခင်းနဲ့ မနက်စောစောပိုင်းတွေမှာ ကျန်းမာရေးအတွက် လမ်းလျှောက်လိုသူတွေအတွက်လည်း ဗိုလ်တထောင်ကမ်းနားနဲ့ မဟာဗန္ဓုလပန်းခြံတို့ ရှိနေပါတယ်။ လမ်းမတော်မြို့နယ်မှာ စားသောက်ဆိုင်တွေ ပေါများပြီးရန်ကုန်မြို့တွင်းစည်ကားတဲ့ မြို့နယ်တွေဖြစ်တဲ့ လသာမြို့နယ်၊ အလုံမြို့နယ်တို့နဲ့ တစ်ဆက်တည်း တည်ရှိနေပါတယ်။


အစိုးရက ချမှတ်ထားတဲ့ တစ်စတုရန်းပေ သတ်မှတ်တန်ဖိုးတွေအရ တိုက်ခန်းတည်ရှိရာ ဝါးတန်းလမ်းမှာ၂၀၁၈ ခုနှစ်က တစ်စတုန်းပေသတ်မှတ်တန်ဖိုးမှာ ငွေကျပ် ၂၂၅ဝဝဝ ရှိခဲ့ပြီး ယခုနှစ်အတွက်အသစ် ပြင်ဆင်မယ့် နှုန်းထားသစ်အရ ငွေကျပ် ၂ဝဝဝဝဝ သာ ရှိနေပါတယ်။


လမ်းမတော်မြို့နယ် တစ်ခုလုံးအတွက် သတ်မှတ်ပေး ထားတဲ့ တစ်စတုရန်းပေအပေါ် မြေတန်ဖိုးတွေအရ ၂၀၁၈ ခုနှစ်အတွင်းက အနည်းဆုံး ငွေကျပ် ၁၅၅ဝဝဝ ကနေ အများဆုံး ငွေကျပ် ၂ရဝဝဝဝ ထိရှိခဲ့ပြီး အသစ်ပြင်ဆင်မယ့်နှုန်းထားအရ အနည်းဆုံး ငွေကျပ် ၁၄ဝဝဝဝ ကနေ အများဆုံး ငွေကျပ် ၂၄၅ဝဝဝ ထိ ရှိနေပါတယ်။


မြို့နယ်ချင်း ထိစပ်လျက်တည်ရှိနေတဲ့ လမ်းမတော်မြို့နယ်နဲ့ လသာမြို့နယ်တွေမှာ အစိုးရက သတ်မှတ်ထားတဲ့ တစ်စတုရန်းပေအတွက် မြေတန်ဖိုးကွာဟချက်က တော့ လုံးဝမရှိလောက်အောင် တူညီနေတာကို တွေ့ရ ပါတယ်။


လမ်းမတော်မြို့နယ်မှာ မြို့တွင်းသီးသန့်ပြေးဆွဲတဲ့ ဘတ်စ်ကားလိုင်းတွေလည်း အများအပြားရှိတာကြောင့် မြို့တွင်းသွားလာရေးကတော့ ငွေကုန်၊ အချိန်ကုန် သက်သာစွာနဲ့ သက်သောင့်သက်သာသွားလာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အနည်းငယ်အလှမ်းဝေးတာကြောင့် လေဆိပ်ကို ကားနဲ့သွားရောက်မယ်ဆိုရင် အနည်းဆုံး မိနစ် ၅၀ ကနေ တစ်နာရီခွဲခန့် အချိန်ပေးရမှာဖြစ်ပါတယ်။

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.