ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်

javascript

ခေတ်မီဖွံ့ဖြိုး တိုးတက်လာတဲ့ ရန်ကုန်ရဲ့ မြို့ပြသွင်ပြင်လက္ခဏာတွေနဲ့အညီ ခေတ်မီ အထပ်မြင့်ကွန်ဒိုမီနီယမ် စီမံကိန်းတွေကလည်း တစ်ခုထက်တစ်ခု သာလွန်ကောင်းမွန်တဲ့ အပြင်အဆင်တွေ၊ ဝန်ဆောင်မှုတွေနဲ့ဈေးကွက်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာကြပါတယ်။

ရန်ကုန်ရဲ့ အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ ခေတ်မီအဆောက်အအုံတွေထဲမှာ Time City စီမံကိန်းကလည်း မပါမဖြစ်ပါပဲ။ အဆင့်မြင့်ဈေးဝယ်စင်တာတွေ၊ ရုံးခန်းတာဝါတွေ၊ ဟိုတယ်တွေအပြင် Service Apartment နဲ့ ကွန်ဒိုမီနီယမ်တွေပါဝင်တဲ့ Time City စီမံကိန်းဟာ လူအများပါးစပ်ဖျားမှာ ခေတ်စားနေတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ဒီတစ်ပတ်မှာတော့ Time City က ကွန်ဒိုခန်းလေး တစ်ခန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

စီမံကိန်းတစ်ခုလုံးမှာ Residence နှစ်ခုပါဝင်ပြီး ဒီအခန်းလေးကတော့ Time City ကွန်ဒိုအဆောက်အအုံ ၆ ရဲ့ ၁၈ လွှာမှာ တည်ရှိပါတယ်။ အခန်းအကျယ် ၁,၆၄၁ စတုရန်းပေ ရှိတဲ့ ဒီအခန်းလေးဟာ လှိုင်မြစ်နဲ့ ရန်ကုန်မြို့ရဲ့မြင်ကွင်းတွေကို ကောင်းကောင်းမြင်ရတဲ့ နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

အိမ်ခန်းတံခါကို လက်ဗွေစနစ်၊ ကဒ်စနစ်အပြင် သော့စနစ်တို့ပါထည့်သွင်းထားတဲ့အတွက် အခန်းလုံခြုံရေးအတွက် စိတ်ချရတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အိမ်ခန်းထဲကိုဝင်ဝင်ချင်း အခန်းရဲ့ ဘယ်ဘက်ခြမ်းမှာတော့ မီးဖိုခန်းရှိပြီး မီးဖိုခန်းနဲ့ တစ်ဆက်တည်းမှာ maid room တစ်ခုကိုပါထည့်သွင်းဖွဲ့စည်းပေးထားတာ တွေ့ရပါတယ်။

အခန်းထဲကိုဝင်ဝင်ချင်းမှာ ထမင်းစားစားပွဲကို ခင်းကျင်းထားပြီး ညာဘက် ခြမ်းမှာတော့ ဧည့်ခန်းကို တွေ့ရမှာဖြစ်ပါတယ်။ ဧည့်ခန်းရဲ့နောက်မှာတော့ စာကြည့်ခန်းအဖြစ် အသုံးပြုလို့ရသလို ကလေးအိပ်ခန်းအဖြစ်လည်း အသုံးပြုလို့ရတဲ့ အခန်းတစ်ခန်းရှိပါတယ်။

အဲ့ဒီနောက်မှာတော့ Master Bedroom နဲ့ ရိုးရိုးအိပ်ခန်းနှစ်ခန်းကို ဖွဲ့စည်း ထားပြီး အခန်းဖွဲ့စည်းပုံအရ အိပ်ခန်းတွေဟာ သီးသန့်စီ တည်ရှိနေပါတယ်။ ဒါကြောင့် အိမ်ရှေ့က ဆူညံသံတွေက အိပ်နေတဲ့သူတွေ အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်စရာမလိုတော့ပါဘူး။

အခန်းရဲ့ဈေးနှုန်းကတော့ ကျပ် သိန်း ၆,၅၀ဝ ကျသင့်မှာဖြစ်ပြီး ဒါကတော့ အခန်းအလွတ်ရဲ့ဈေးနှုန်း ဖြစ်ပါတယ်။ အိမ်တွင်းအလှဆင်ပစ္စည်း အပြည့်အစုံနဲ့ အသင့်နေထိုင်ရုံပြင်ဆင်ပြီး အခန်းဆိုရင်တော့ သုံးစွဲထားတဲ့ ပစ္စည်းအရည်အသွေးနဲ့ အမျိုးအစားပေါ်မူတည်ပြီး ဈေးကွာခြားမှုရှိမှာ ဖြစ်ပါတယ်။

Time City ကွန်ဒိုမှာ အခန်းအမျိုးအစား ငါးမျိုးပါဝင်ပြီး အဆောက်အအုံရဲ့ ရှစ်လွှာကနေ ၂၇ လွှာထိ ကွန်ဒိုခန်းတွေ ပါဝင်ပါတယ်။ အဆောက်အအုံရဲ့ မြေညီထပ်ကနေ ငါးလွှာထိကိုတော့ Jewellery Mall အဖြစ် တည်ဆောက်ထားပြီး ခြောက်လွှာနဲ့ ခုနစ်လွှာကတော့ Service Apartment ဖြစ်ပါတယ်။

ဒါ့ပြင် အဆောက်အအုံရဲ့ ခြောက်လွှာမှာ Gym၊ ရေကူးကန်နဲ့ အပန်းဖြေဥယျာဉ်တွေအပြင် ပါတီတွေ၊ ပွဲအခမ်းအနားတွေ ပြုလုပ်နိုင်တဲ့နေရာတွေလည်းပါဝင်ပါတယ်။ အဆောက်အအုံအစွန်ဆုံးအပိုင်းရဲ့ အမြင့်နေရာမှာ တည်ဆောက်ထားတဲ့ ရေကူးကန်ဟာ Time City စီမံကိန်းထဲမှာရှိတဲ့ ညဈေးတန်းကို ကောင်း ကောင်းမြင်ရပြီး နာမည်ကြီးမှန်တံတားရဲ့ အပေါ်ပိုင်းမှာ တည်ရှိနေပါတယ်။

အမြဲလိုလို ပွဲတော်တွေရှိနေတတ်တဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် ဆူညံသံတွေ၊ လူစုလူဝေးတွေကို မနှစ်သက်တဲ့သူတွေအတွက်တော့ ဒီနေရာလေးကိုဝယ်ယူမယ်ဆိုရင် စဉ်းစားစရာတစ်ခုဖြစ်နေပါတယ်။ နေထိုင်သူတွေအတွက်အခန်းတစ်ခန်းကို ကားပါကင်တစ်စီးစာ အခမဲ့ရပ်နားခွင့်ပေးထားပြီး စတုရန်းပေ ၂,ဝ၀ဝ နဲ့အထက်ရှိတဲ့ အခန်းကို ဝယ်ယူထားတဲ့သူတွေအတွက်တော့ ကားပါကင်နှစ်စီးစာ အခမဲ့ပေးမှာ ဖြစ်ပါတယ်။ ကွန်ဒိုအခန်း စုစုပေါင်း ၄၀ဝ နဲ့ Service Apartment အခန်း ၅၀ ပါဝင်ပြီး ကွန်ဒိုခန်းစုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းကျော် ရောင်းချပြီး ဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်ထဲမှာ အမျိုးအစားစုံလင်လှတဲ့ မုန့်ဆိုင်တွေ၊ ဖက်ရှင်ဆိုင်တွေအပြင် လူသုံးကုန်ပစ္စည်းမျိုးစုံ ရောင်းချတဲ့ ဈေးဆိုင်ခန်းတွေနဲ့ ကြက်ပျံမကျစည်ကားလှတဲ့ နေရာဖြစ်ပါတယ်။ Time City ကွန်ဒိုကနေ လမ်းတစ်ဖက်ကို ကူးလိုက်ရုံနဲ့ ဂျန်းရှင်းစကွဲ ရှော့ပင်းစင်တာ ရှိနေတာကတော့ နေထိုင်မယ့်သူတွေအတွက် အလွန်ကောင်းတဲ့ အားသာချက်ဖြစ်ပါတယ်။

လူနေအဆောက်အအုံတွေ၊ စီးပွားရေးဆိုင်ရာအဆောက်အအုံတွေ ပေါများလှတဲ့ ကမာရွတ်မြို့နယ်မှာ ဈေးဝယ်စင်တာတွေ၊ အထင်ကရဈေးကြီးတွေနဲ့ ရုံးခန်းတာဝါတွေ အများအပြားတည်ရှိနေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါ တယ်။ လူဦးရေထူထပ်တဲ့ မြို့နယ်တစ်ခုဖြစ်တာနဲ့အညီ အိမ်ခြံမြေရောင်းဝယ်ငှားဈေးကွက် အလွန်သွက်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ အိမ်ဝယ်ပြီး ကိုယ်တိုင်မနေချင်လို့ ပြန်ငှားချင်တဲ့သူတွေအတွက် အငှားမရမှာ စိတ်ပူစရာ မလိုတော့ပါဘူး။

ရန်ကုန်တိုင်းဒေသကြီးရဲ့ မြောက်ပိုင်းအချက်အချာကျတဲ့ ခရိုင်ထဲမှာ တည်ရှိတဲ့ ကမာရွတ်မြို့နယ်ဟာ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နဲ့ ဗဟန်းမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အချက်အချာကျတဲ့နေရာမှာ တည်ရှိတာနဲ့အညီ ယာဉ်ကြောပိတ်ဆို့မှုရှိတာကြောင့် ကွန်ဒိုကနေ မြို့ထဲကိုသွားမယ်ဆိုရင် မိနစ် ၂၀ က မိနစ် ၃၀ အထိ အချိန်ယူရမှာပါ။ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်တို့ကတော့ အနည်းငယ် အလှမ်းဝေးတာကြောင့် အဲဒီနေရာတွေကို သွားမယ်ဆိုရင် အချိန် ၁ နာရီက ၁ နာရီခွဲလောက် ယူရမှာဖြစ်ပါတယ်။ 

Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.