တာမွေဈေးသစ် တည်ဆောက်ရေး ကြေလည်မှု မရှိသေး

javascript
အဆင့်မြင့်တာမွေဈေးသစ်ကို လပိုင်းအတွင်း စတင်တည်ဆောက်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြင်ဆင်နေခိုက်တွင် ဈေးသူဈေးသားများကလည်း တန်ပြန်ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ် ခဲ့သည်။

ဆိုင်ခန်းပိုင်ရှင် ၂၀ဝ ခန့်က ပထမဆုံး ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာ ၂၇ က ပြုလုပ်ခဲ့ပြီး ၎င်းတို့ အစဉ်တစိုက်တောင်းဆိုနေသည့် အချက် ရှစ်ချက်နှင့် ပျံကျဈေးသည်များကို ယာယီနေရာသို့ ပြောင်းရွှေ့ခိုင်းခြင်း များကို အတင်းအကျပ်မပြုလုပ်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် တာမွေဈေးသစ်ဆောက်လုပ်ရာတွင် ရှိခဲ့ သည့် အဂတိလိုက်စားမှုများကို ဖော်ထုတ်အရေးယူပေးရန်၊ ဈေးသူ၊ဈေးသား၏ တောင်းဆိုချက်များကို အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ဆောက်လုပ်ရေးကုမ္ပဏီနှင့် စည်ပင်သာယာတို့ တစ်ဖက်သတ်ရေးဆွဲ ထားသည့် ဈေးပုံစံဒီဇိုင်းကို ပြုပြင်ပေးရန်၊ သဘောတူညီမှုမရသေးဘဲ ယာယီဆိုင်ခန်းများကို အတင်းအကျပ် ပြောင်းရွှေ့စေမှုကို ရပ်တန့်ပေးရန် အစရှိသည့် အချက်လေးချက်ကိုလည်း တောင်းဆိုခဲ့ကြသည်။

ရန်ကုန်တောင်ပိုင်းခရိုင် စည်ပင်သာယာရေးအဖွဲ့မှ တာမွေ ယာယီဈေးအတွင်းရှိ ပျံကျဈေးသည်များကို ဒီဇင်ဘာ ၂၉ ရက်အတွင်း ယာယီနေရာသို့ အပြီးသတ်ပြောင်းရွှေ့ရမည်ဟု ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲကို စတင်လိုက်ခြင်းဖြစ်သည်ဟု ဆန္ဒပြ ဈေးသူ၊ ဈေးသားများက ဆိုသည်။

ယင်းသို့ဆန္ဒမထုတ်မီကပင် ဈေးသစ်စီမံကိန်းကို အတင်းအကျပ်ပြု လုပ်မည်ဆိုပါက လမ်းပေါ်ထွက်၍ ဆန္ဒပြတောင်းဆိုမှုများပြုလုပ်မည်ဟု ဒီဇင်ဘာ ၉ ရက်က ရန်ကုန်တိုင်းအစိုးရ၏ ဈေးသူ၊ ဈေးသားများကို တာမွေဈေးသစ်ပုံစံကိုအသိပေးသည့်ပွဲအပြီးတွင် ဈေးသူ၊ ဈေးသားများက မြန်မာတိုင်း(မ်)၏ မေးမြန်းမှုကို ဖြေကြားထားသည်။

ဒီဇင်ဘာ ၁၈ ရက်ကပြုလုပ်ခဲ့သည့် ပျံကျဈေးသည်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲတွင် ပျံကျဈေးသည်အများစုမှာ တာမွေဈေးသစ်အမြန်ဆုံး တည်ဆောက်ပေးရန် တောင်းဆိုထားသကဲ့သို့ တာမွေဈေးတွင် ဈေးဝယ်သူများကလည်း ဈေးသစ်ကို အမြန်ဆုံးတည်ဆောက်ပေးရန် လိုလားနေကြသည်။

သို့သော် ဆိုင်ခန်းပိုင်ရှင်များကမူ ၎င်းတို့၏ တောင်းဆိုချက်များ မရသေးသဖြင့် ဒီဇင်ဘာကုန်ထိ ဈေးသစ်တည်ဆောက်မည့်ကိစ္စကို သဘောမတူကြသေးချေ။

"ဈေးသစ်ဆောက်တဲ့နေရာမှာ ပျံကျနဲ့ (ဆိုင်ခန်းပိုင်)ဆိုပြီး နှစ်ခုရှိတယ်။အဲဒီတော့ ပျံကျတွေအတွက် အရင်ဆုံး ဆိုင်နေရာ တည်ဆောက်တယ်။ ပြီးရင် အဲဒီနေရာကို ပျံကျတွေကို အရင်ပေးမယ်။ ပျံကျတွေ အားလုံးရှင်းသွားတဲ့ နေရာကို ဆိုင်ခန်းပိုင်တွေအတွက် ဆက်ဆောက်မယ်။ ပြီးရင် ပိုင်ရှင်တွေက အဲဒီနေရာကို ပြောင်းမယ်။ ပြောင်းပြီးတာနဲ့ ဈေးတည်ဆောက်ဖို့က ပန္နက်ရိုက်ဖို့ပဲ ရှိတော့တယ်။ လပိုင်းအတွင်း တည်ဆောက်သွားဖို့ ရှိတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက မြန်မာတိုင်း(မ်)သို့ ပြောသည်။

သို့သော် ဆိုင်ခန်းပိုင်ရှင်များကမူ သဘောမတူဘဲ အစိုးရအနေဖြင့် အတင်းအကျပ်လုပ်ဆောင်၍မရဟု ဆိုကြသည်။

"အတင်းအကျပ်လုပ်မယ်ဆိုရင်တော့ သူတို့သမိုင်းသူတို့ရေးသလို ဖြစ်သွားမှာပေါ့"ဟု တာမွေဈေးမှ ဆိုင်ခန်းပိုင်ရှင် ကိုသက်ထွန်းက ဆိုသည်။

ထို့ပြင် ၎င်းတို့သည် ဆိုင်ခန်းပိုင်ရှင်များဖြစ်သည့်အတွက် အတင်းအကျပ်လုပ်ဆောင်ပါက အပြင်းအထန် ကန့်ကွက်သွားမည်ဟု ၎င်းက ဆိုသည်။ တာမွေဈေးသစ်ကို မကြာမီစတင်တည်ဆောက်တော့မည်ဖြစ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်တည်ဆောက်ချိန် လပေါင်း ၃၀ သတ်မှတ်၍ ဈေးအပါအဝင် အထပ်ခြောက်ထပ်ဆောက်လုပ်မည် ဖြစ်သည်။

ယင်းခြောက်ထပ်တွင် တာမွေမြို့နယ်အဆင့်မြင့်ဈေး၊ တာမွေမြို့နယ်စာကြည့်တိုက်၊ တာမွေမြို့နယ် Communication Center၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များနှင့် ကားပါကင်များ ပါဝင်မည်ဖြစ်သည်။ လက်ရှိတာမွေယာယီဈေးအတွင်း ပျံကျဈေးသည် ၇၀ဝ ခန့်နှင့် ဆိုင်ခန်းဖြင့်ရောင်းချသူ ၅၀ဝ ခန့်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်မှ သိရသည်။

တာမွေဈေးသစ်စီမံကိန်းကို ၂၀၁၂ ခုနှစ်မှစတင်၍ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ စတင်တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ လိပ်ခဲတည်းလည်းဖြစ်နေရာမှ ယခုနှစ်ကုန်ခါနီးမှစတင်၍ စည်ပင်၊ တိုင်းအစိုးရနှင့် ဈေးသူ၊ ဈေးသားများကြား ဈေးသစ်တည်ဆောက်မည့် ပုံစံနှင့်ပတ်သက်၍ အခြေအနေများ ပိုမိုတင်းမာလာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရနှင့် စည်ပင်တို့ဘက်မှ ၎င်းတို့ရေးဆွဲထားသည့် ဒီဇိုင်းဖြင့် ဆက်လက်တည်ဆောက်မည်ဟု ပြောထားသကဲ့သို့ ဈေးသူ၊ ဈေးသား များကလည်း ၎င်းတို့တောင်းဆိုချက်များကို အဆုံးအစွန်အထိ တောင်းဆို သွားမည်ဟု ဆိုနေကြသည်။


Facebook comments

Logo
 Tel: (+95)-9-5006267, (+95)-9-43157 571, (+95)-9-43157 572

 Head Office: Unit 201, Shwe Hintha Tower A, Pyay Road, 6.5 Mile, Hlaing Township Yangon, Myanmar.